ကချင်ပြည်နယ် လိုင်ဇာ - မြစ်ကြီးနားနဲ့ ဗန်းမော် - မြစ်ကြီးနား လမ်းမပေါ်မှာရှိတဲ့ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ရွားအနီးမှာ ဇူလိုင် ၃ ရက် ဒီနေ့မနက်ကစ စစ်ကောင်စီနဲ့ KIA တို့အကြား တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ပြည်သူတွေ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဒီနေ့ တနေကုန်ပဲ။ ရွာအောက်နားက တံတားဘက်မှာလေ။ ရွာက လူတွေတော့ မရှိတော့ဘူး။ အကုန် ထွက်ပြေးရပြီ။ ရှောင်တဲ့သူတွေက များမယ်။ အိမ်ခြေတောင် ၃၀၀ လောက် ရှိတယ်။ ဘယ်ကို ဘယ်ကို ရှောင်ကြလဲ အတိအကျ မသိတော့ဘူး။ အလန့်တကြား အလောတကြီး ဆိုတော့" လို့ ဒေသခံတဦးက ပြောပါတယ်။
ဒီနေ့ မနက် ၄ နာရီခွဲကျော်လောက်မှာ ၁ ကြိမ် နဲ့ မနက် ၉ နာရီလောက်မှာ ၁ ကြိမ် တရက်တည်း ၂ ကြိမ် တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။
နမ်ဆန်ယန်ရွာအောက်ဘက်၊ လဇိန်ကုန်း၊ ဦရောင်ကုန်း၊ နမ်ဆန်ချောင်းတံတား ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် KIA ဘက်က ခုခံတိုက်ခိုက်ရာက တိုက်ပွဲ ပြင်းထန်လာဖြစ်ပြီး ခါယာတောင်မှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။
စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီအင်အား ၁၈၀ လောက်ရှိပြီး နမ်ဆန်ယန်ဘက် စစ်ကောင်စီဘက်က အဆက်မပြတ် လက်နက်ကြီး ပစ်ခတ်နေတယ်လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
"ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အဲကောင်တွေကို နမ်ဆန်ယန်နဲ့ ဂန်ဒေါင်၊ ခါ့ယာ အဲလို တင်သွား တင်လာ လုပ်နေတာ။"
နမ်ဆန်ယန် ဒေသခံ အမျိုးသမီးတဦးကတော့ နှစ်ဖက် အထိအခိုက်ရှိကြောင်း သိရတယ်လို့ ပြောပါတယ်။
KIA ရှေ့တန်း သတင်းရင်းမြစ်တဦးက "ဒီနေ့ နမ်ဆန်ယန်တိုက်ပွဲမှာ စစ်ကောင်စီ ၇ ယောက်အထက်တော့ ထိသွားတယ်။ ခုလည်း အခြေအနေ တင်းမာနေတုန်းပဲ" လို့ ပြောပါတယ်။
ဒေသခံတွေကတော့ စစ်ကောင်စီဘက်က လေကြောင်းနဲ့ စစ်ဆင်ပြီး အခြေအနေဆိုးလာမှာကို စိုးရိမ်ထိတ်လန့်နေတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့တုန်းကလည်း ဂန်ဒေါင်ယန်ဘက်ကနေ နမ်ဆန်ယန်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့က ခုခံတိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားလို့ ဒေသခံအချို့ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။