မွန်ပြည်နယ်မှာ စားသုံးဆီစျေးနှုန်းတွေ အရင်ကထက် အဆမတန် မြင့်တက်လာတယ်လို့ စားသုံးဆီ ရောင်းဝယ်သူတွေထံက သိရပါတယ်။
ဇွန်လနောက်ဆုံးအပတ်က စားသုံးဆီစျေးနှုန်းဟာ တပိဿာကို ကျပ် ၆,၀၀၀ ကျော်သာ ရှိခဲ့ရာက အခု ကျပ် ၉,၀၀၀ နီးပါးအထိ အဆမတန် မြင့်တက်လာခဲ့တာဖြစ်တယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။
ကုန်ခြောက်ရောင်းတဲ့ စျေးသည်တဦးက “အရင်ရက်ကဝယ်တာ ဆီစျေးက တပိဿာ ကျပ် ၆,၀၀၀ ကျော်ထဲ၊ ဒီနေ့သွားဝယ်တော့ ၂,၀၀၀ လောက် တက်သွားတယ်။ တခြားပစ္စည်းတွေလည်း စျေးတက်တယ်။ နဂိုက အရောင်းအဝယ်တွေ မကောင်းပါဘူးဆို စျေးတွေကတက်တော့ ပိုဆိုးသွားတယ်” လို့ ပြောပါတယ်။
ထိုင်းဘတ်စျေးတွေ တက်တာကြောင့် မွန်ပြည်နယ်မှာ ဆီစျေးအပြင် တခြားကုန်ပစ္စည်းတွေလည်း စျေးနှုန်းမြင့်တက်နေပါတယ်။
“ဆီစျေးအပြင် တခြားကုန်ပစ္စည်းတွေ စျေးတက်တော့ ပါဝင်တဲ့ပစ္စည်း မလျှော့ချင်လို့ အကြော်တခု ၂၅၀ ကနေ ၃၀၀ ကို စျေးတက်လိုက်ရတယ်” လို့ မော်လမြိုင်မှ အကြာ်သည်တဦးက ပြောပါတယ်။
မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားတဲ့ စားသုံးဆီစျေးနှုန်းမှာ ကျပ် ၄,၁၀၀ သတ်မှတ်ထားပေမဲ့ ပြင်ပစျေးကွက်မှာ ကျပ် ၉,၀၀၀ လောက် ပေါက်နေပါတယ်။
ဆီထွက်သီးနှံတွေကို ပြည်ပကိုတင်ပို့တာထက် ဆီထုတ်လုပ်တာ၊ ရိုးရာနည်းနဲ့ စားသုံးတာတွေ ထိန်းသိမ်းမှုတွေ လုပ်ဆောင်မယ်ဆိုရင် စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဇူလိုင် ၂ ရက်နေ့မှာ မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) နဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။