စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ရွှေကျင်ရွာက ပြည်သူပိုင်ပစ္စည်းတွေကို စစ်ကောင်စီတပ်က ခိုးယူသယ်ဆောင်နေတာကြောင့် ဒီနေ့ ဇူလိုင် ၃ ရက် မနက် ၇ နာရီက ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဟာ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ကနေ လာရောက်ပြီး ဒေသခံပြည်သူတွေရဲ့ ပစ္စည်းတွေကို သယ်ဆောင်နေတာလို့ ဆိုပါတယ်။
ရွှေကျင်ကျေးရွာသားတဦးက “ကျောက်မြောင်းကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာပြီး ရှိမ္မကားရွာ ဆိပ်ကမ်းကို ကပ်ပြီးတော့ ရှိမ္မကားရွာရဲစခန်းက စကစတွေနဲ့ပေါင်းပြီး အင်အား ၈၀ လောက်နဲ့ ကျနော်တို့ ရွှေကျင်ရွာက ပြည်သူတွေရဲ့ပစ္စည်းတွေ သယ်ယူနေတာဗျ။ ဘယ်ကိုသယ်တာလဲဆိုတော့ ရှိမ္မကားရွာဆီကိုသယ်ပြီး ဖလပ်မော်တော်တင်နေတာ။ အဲလိုလုပ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တိုက်ပွဲဖြစ်သေးတယ်။ ကျနော်တို့ရွာသားတွေ ကတော့ အကုန် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်” လို့ ပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်ကလည်း ရွှေညောင်တော်ရွာက ပြည်သူပိုင်ပစ္စည်းတွေကို အခုလို ဧရာဝတီမြစ်အတိုင်း ဖလပ်မော်တော်တွေနဲ့ သယ်ယူခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
“ကျနော်တို့ စစ်ကောင်စီ စစ်ကြောင်းထိုးတာကို ဘာမှမပြောလိုဘူး။ အခုဟာက ဘာမှမဆိုင်တဲ့ ပြည်သူတွေရဲ့ပစ္စည်းကို ပိုင်ရှင်မသိဘဲ ယူတာကတော့ အတော်တရားလွန်တယ်။ ဒီနေ့ တမနက်ခင်းလုံး သယ်နေကြတာ။ ဒီကောင်တွေ အခုအကြိမ်နဲ့ဆို ၂ ကြိမ်ရှိနေပြီ။ ပြီးခဲ့တဲ့ ၃၀ ရက်နေ့ကလည်း ရွှေညောင်ရွာက ပစ္စည်းတွေသယ်သွားတယ်။ ထွန်စက်တွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ၊ ဆန်အိတ်တွေ အများကြီးကို သယ်သွားကြတာ။ အခု နောက်တကြိမ် ထပ်သယ်ဖို့ လာတယ်ဆိုတဲ့ သတင်းရတာနဲ့ ရွှေကျင်ရွာအနီးကနေ ကြိုပြီးမိုင်းထောင်ကာ မိုင်းအရင်ဆွဲ တိုက်ခိုက်ခဲ့တာဗျ။ အဲလိုမိုင်းဆွဲလိုက်လို့ စခ ၇ ကောင်က နေရာတင် သေသွားတယ်။ ဒဏ်ရာရတဲ့ စခတွေလည်း များတယ်။ သူတို့ကိုမိုင်းဆွဲလို့ ကျနော်တို့ဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေ ရှိတယ်ဗျ။ သူတို့ပစ်တဲ့ဘက်နဲ့ ကျနော်တို့အဖွဲ့ရှိတဲ့ဘက်နဲ့က တခြားစီဖြစ်နေတော့ အထိအခိုက် အကျအဆုံးကတော့ ကျနော်တို့ဘက်က မရှိခဲ့ဘူး” လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ ဒဏ်ရာရသူတွေကို ရှိမ္မကားရဲစခန်းမှာ ဆေးကုသပေးနေပြီး ကျန်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရွှေကျင်ရွာက ပြည်သူပိုင်ပစ္စည်းတွေကို ရွာအလယ်ဇရပ်မှာ စုပုံကာ ရှိမ္မကားရွာဘက်ကို ဆက်လက်သယ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီသယ်ယူတဲ့ ပစ္စည်းအများစုက ဆန်၊ ဆီ၊ လယ်ထွန်စက်၊ ဆိုင်ကယ်နဲ့ လယ်ယာသုံး စက်ကိရိယာတွေနဲ့ ရွှေကျင်ရွာဘုန်းတော်ကြီးကျောင်းက ပစ္စည်းတွေ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။