စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂ နှစ်တာကာလအတွင်းမှာ တနင်္သာရီတိုင်း၊ မြိတ်ကျွန်းစုရှိ ၁၀ နှစ်တာ ထိန်းသိမ်းလာတဲ့ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်း တရားမဝင် ရွှေတူးဖော်ရေး လုပ်ငန်းတွေနဲ့ တခြားစီးပွားရေး လုပ်ငန်းတွေကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
လန်ပိအဏ္ဏဝါကျွန်း ဧရိယာအတွင်းမှာ မကြုံကလက်၊ ဝါးကျွန်း၊ စစ်တပ်ဂလက်၊ ကိုဖော့ စတဲ့ကျေးရွာတွေ တည်ရှိပြီး လူနည်းစုတိုင်းရင်းသားဖြစ်တဲ့ မော်ကင်း(ဆလုံ) လူမျိုးတွေ နေထိုင်ကာ ပင်လယ်ငါးဖမ်းလုပ်ငန်းကို အဓိကထား အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်ကြတဲ့ နေရာလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတဦးက “လတ်တလောဆိုးကျိုးအနေနဲ့ ရေသတ္တဝါတွေရဲ့ စားကျက်နယ်မြေတွေ ဖျက်ဆီးခံရသလို ဖြစ်နေတာကြောင့် ရေသတ္တဝါတွေကို ဖမ်းဆီးပြီး အသက်မွေးနေကြတဲ့ ဆလုံလူမျိုးတွေအတွက် စားကျက်နယ်မြေပျက်စီးမှုကြောင့် စားဝတ်နေရေးကို များစွာ ထိခိုက်စေပါတယ်။ သဘာဝအဖိုးတန် သန္တာကျောက်တန်းတွေနဲ့ ပင်လယ်မြက်တွေ ဆုံးရှုံးမှုအတွက် ထုတ်ယူရရှိသွားတဲ့ ရွှေတန်ဖိုးနဲ့ နှိုင်းယှဉ်လို့မရနိုင်အောင် ဆုံးရှုံးသွားတယ်” လို့ ပြောပါတယ်။
“ရွှေတူးဖော်ထုတ်လုပ်မှုတွေကို ဆက်လက်လုပ်ကိုင်ပါက ကျွန်းပတ်လည်ရှိ သန္တာကျောက်တန်းတွေ ဆုံးရှုံးပျောက်ကွယ်သွားနိုင်ပြီး တချို့ကျွန်းတွေမှာ ကျွန်းအသွင်မှ ကျောက်ဆောင်တွေအသွင် ပြောင်းလဲသွားနိုင်တယ်။ လက်ရှိအနေအထားအရ လန်ပိဧရိယာ အတွင်း ရွှေမျောတိုက်ထုတ်လှုပ်မှုကြောင့် ကျေးရွာရွှေ့ပြောင်းတာ မဖြစ်သေးတဲ့တိုင် ဥပဒေကြောင်းအရ နှစ်ရှည်ထိန်းသိမ်းခြင်းမရှိပါက သဘာဝသယံဇာတအပေါ် တိုက်ရိုက်မှီခိုနေတဲ့ ဆလုံလူမျိုးတွေ အနာဂတ်ရပ်တည်ခွင့် မသေချာ မရေရာဘဝ ရောက်ရှိသွားပြီး ဆလုံလူမျိုးတွေအနေနဲ့ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှုတွေ ဖြစ်လာနိုင်တယ်” လို့လည်း သူက ဆက်ပြောပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ် ဧရိယာဖြစ်တဲ့ သန္တာဖြူကျွန်း (ဒေသအခေါ်) ဘိုလွတ်ကျွန်း အနီးတဝိုက်မှာ တရားမဝင်ရွှေဖောင် ၇၀ လောက်အထိ တူးဖော်ခဲ့ကြပြီး ၂၀၂၃ နှစ်ဆန်းပိုင်းမှာ ရွှေရရှိမှုနည်းပါးလာတာ၊ စက်သုံးဆီဈေးနှုန်းနဲ့ တခြားအကြောင်းတွေကြောင့် ရွှေဖောင်တချို့ ရပ်ဆိုင်းခဲ့ရပြီး ရွှေဖောင် ၁၀ ဖောင်ခန့် ဆက်လက်တူးဖော်နေကြတယ်လို့ MAGGA Initiative ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
MAGGA Initiative အစီရင်ခံစာအရ အာဏာသိမ်းပြီးနောက်ပိုင်း လန်ပိကျွန်းနဲ့ အနီးတဝိုက် ကျွန်းတွေမှာ စီးပွားရေးသမားတချို့က နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်းအပြင် သစ်ခိုးထုတ်တာ၊ ရှပ်(ခရု၊ဂုံး) ဆွဲလှေ၊ ငါးဗုံးခွဲလှေ စတဲ့ တားမြစ်ထားတဲ့ ငါးဖမ်းနည်းတွေနဲ့ ငါးဖမ်းတာ၊ ကမ်းဝေးငါးဖမ်းလှေကြီးတွေက ငါးခိုးဖမ်းတာ (ကမ်းနီး) လုပ်ငန်းတွေကို ဆောင်ရွက်လာကြတယ်လို့ ဖော်ပြထားပါတယ်။