အစ္စရေးနိုင်ငံမှာ ဒေါ်လာ ၃ ဘီလီယံ တန်ကြေးရှိတဲ့ F-35 ကိုယ်ပျောက်တိုက်လေယာဉ်တွေကို တတိယမြောက် တပ်ရင်းအဖြစ် ဝယ်ယူမယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂ ရက်မှာ အတည်ပြု ပြောပါတယ်။
Lockheed Martin ကုမ္ပဏီက ထုတ်လုပ်သွားမယ့် နောက်ထပ် F-35 တိုက်လေယာဉ် ၂၅ စင်းကို အစ္စရေးနိုင်ငံရဲ့ လေတပ်ထဲမှာ ထပ်ပေါင်းထည့်နိုင်မှာ ဖြစ်တာကြောင့် F-35 အစီးရေ ၇၅ စင်းအထိ ရှိလာတော့မှာ ဖြစ်တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အမေရိကန်ကနေ လက်ခံရရှိမယ့် ကာကွယ်ရေး အထောက်အပံ့ဆိုင်ရာ အစီအစဉ်ကတဆင့် ဒီသဘောတူညီချက်အတွက် ငွေပေးချေသွားမှာ ဖြစ်တယ်လို့ အစ္စရေးဘက်က ဖြည့်စွက် ပြောဆိုပါတယ်။
အစ္စရေးနိုင်ငံဟာ အမေရိကန်ရဲ့ ပြင်ပမှာ F-35 တိုက်လေယာဉ်တွေကို ဝယ်ယူနိုင်ခဲ့တဲ့ ပထမဆုံးသော နိုင်ငံတခုလည်း ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်၊ မေလမှာ လေတပ်အကြီးအကဲ ဖြစ်သူကလည်း “ဒီလေယာဉ်တွေကို တိုက်ပွဲတွေမှာ ပထမဆုံး အသုံးပြုနိုင်ခဲ့တဲ့နိုင်ငံဟာ အစ္စရေးဖြစ်တယ်” လို့ ပြောကြားခဲ့ဖူးပါတယ်။
ဒီ F-35 လေယာဉ်တွေကို ပူးတွဲ တိုက်ခိုက်ရေးဖိုက်တာတွေအဖြစ် လူသိများသလို အစ္စရေးမှာဆိုရင်လည်း “စွမ်းအားကြီးမားမှု” လို့ အဓိပ္ပာယ်ရတဲ့ ဟီးဘရူး ဘာသာစကားအရ “အဒီယာ”ဆိုပြီး အမည်ပေးထားပါတယ်။
Lockheed Martin ကုမ္ပဏီနဲ့တူ အင်ဂျင်ထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Pratt & Whitney တို့က လေယာဉ်အစိတ်အပိုင်းတွေ ထုတ်လုပ်ရာမှာ အစ္စရေးကာကွယ်ရေး ကုမ္ပဏီတွေကိုပါ ပါဝင်ခွင့်ပေးဖို့အတွက် သဘောတူညီခဲ့ကြတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။