အိမ်ထောင်စုတွေရဲ့ ငွေကြေးဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေဟာ အန္တရာယ်ရှိ လုပ်ငန်းခွင်တွေမှာ အလုပ်ချိန်ကြာမြင့်စွာ အလုပ်လုပ်ကိုင်နေကြရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို) က ပြောပါတယ်။
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ် ဒေသ ၃ ခုက အလုပ်လုပ်ကိုင်နေကြရတဲ့ ကလေးသူငယ်တွေရဲ့ အခြေအနေတွေကို လေ့လာဆန်းစစ်အကဲဖြတ်တဲ့ အိုင်အယ်လ်အိုရဲ့ အစီရင်ခံစာသစ်မှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး အလုပ်လုပ်ကိုင်နေတဲ့ ကလေးသူငယ်တွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်က မိသားစုငွေကြေးဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် မိသားစုကို အထောက်အပံ့ပေးဖို့ အလုပ်လုပ်ကိုင်နေကြရတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ဘေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ကျောင်းတွေ ပိတ်ထားခဲ့ရချိန်မှာတော့ ကလေးလုပ်သားပြဿနာ ပိုမိုကြီးထွားလာခဲ့ပြီး ကျောင်းတွေပြန်ဖွင့်တဲ့တိုင်အောင် ကလေးသူငယ်အများစုကတော့ စာသင်ခန်းတွေဆီ ပြန်မရောက်နိုင်တော့ဘူးလို့လည်း ဆိုပါတယ်။
အိုင်အယ်လ်အိုက စစ်တမ်းကောက်ယူမေးမြန်းထားတဲ့ တိုင်းနဲ့ ပြည်နယ် ၃ ခုက ကလေးသူငယ်တွေရဲ့ သုံးပုံတပုံကတော့ အိမ်တွင်းလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြပြီး ကျန်တဲ့သူတွေကတော့ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်းနဲ့ လက်လီလက်ကား ရောင်းဝယ်ရေး စတဲ့ကဏ္ဍတွေမှာ အဓိကအားဖြင့် လုပ်ကိုင်နေကြတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပြီး အများစုကတော့ လုပ်ခလစာနည်းနည်းနဲ့ အလုပ်ချိန်ကြာမြင့်စွာ လုပ်ကိုင်နေကြရတာပါ။
အိုင်အယ်လ်အို မြန်မာရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဒေါင်လင်လီကတော့ “ဒီအကဲဖြတ်မှုမှာ အလုပ်လုပ်နေတဲ့ ကလေးသူငယ် ထက်ဝက်ကျော်က ကျောင်းတက်ချင်ကြပြီး သူတို့ရဲ့ဆန္ဒကို အလုပ်က အတိုင်းအတာတခုအထိ အနှောင့်အယှက် ပေးနေတယ်လို့ ပြောပါတယ်။ ကိုဗစ်-၁၉ နဲ့ နိုင်ငံရေးအကျပ်အတည်း ပဋိပက္ခတွေကြောင့် ဒီအခြေအနေဟာ ပိုဆိုးလာခဲ့ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ကလေးသူငယ်တွေဟာ အန္တရာယ်ရှိတဲ့အလုပ်နဲ့ လုပ်ငန်းခွင်တွေမှာ မကြာခဏ လုပ်ကိုင်နေကြရပြီး အိုင်အယ်လ်အိုက တွေ့ဆုံမေးမြန်းခဲ့တဲ့ ကလေးသူငယ်တွေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လေးလံတဲ့ဝန်တွေကို သယ်ဆောင်ကြပြီး ၈၀ ရာခိုင်နှုန်းကျော်ကတော့ နေပူထဲမှာ မနားဘဲ နာရီပေါင်းများစွာ အလုပ်လုပ်နေကြရတယ်လို့ ဆိုပါတယ်။
ကလေးသူငယ်အများစုဟာ လုပ်ငန်းခွင်တွေထဲမှာ မတော်တဆမှုတွေနဲ့ ထိခိုက်ဒဏ်ရာ ရတာတွေလည်း ကြုံတွေ့ခဲ့ကြရတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပြီး အသေးစား ဒဏ်ရာရရှိတာတွေကတော့ အများဆုံးဖြစ်နေကာ အဲဒီနောက်မှာ ပွန်းပဲ့ဒဏ်ရာ၊ အဖုထွက် ရောင်ရမ်းဒဏ်ရာ ရရှိတာတွေလည်း ကြုံတွေ့ရတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ခွဲနီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။
စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် မြန်မာ့စီးပွားရေးဟာ ပိုမိုဆိုးဝါးလာတဲ့ အခြေအနေကို ဦးတည်လာနေတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထုတ်ပြန်ထားပြီး လာမယ့် တနှစ်၊ နှစ်နှစ်အတွင်း စီးပွားရေးတိုးတက်မှု နှေးကွေးနေဦးမယ်လို့ ပြောပါတယ်။
စစ်ရေးပဋိပက္ခ၊ ဓာတ်အားပြတ်တောက်မှုနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ၊ တင်းကျပ်ကန့်သတ်ထားတဲ့ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးမူဝါဒတွေ၊ အိမ်ထောင်စုဝင်ငွေ လျော့နည်းလာမှုတွေက မြန်မာ့စီးပွားရေး နာလန်ပြန်ထူဖို့ အဟန့်အတားဖြစ်စေပြီး စီးပွားရေးကျဆင်းမှုကြောင့် ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်ကာ ဝင်ငွေဆုံးရှုံးတဲ့ဒဏ်၊ ကျန်းမာရေးနဲ့ အစားအသောက် မလုံလောက်တဲ့ဒဏ်တွေကို ချို့တဲ့သူတွေ၊ အဆင်းရဲဆုံး ပြည်သူတွေ ပိုခံရလိမ့်မယ်လို့လည်း ပြောထားပါတယ်။