ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်ရှိ အမှတ် ၉ အလယ်တန်းကျောင်းတံခါးမှာ ဆန္ဒပြစာတန်းကပ်တယ်ဆိုပြီး ဇူလိုင် ၂ ရက် နေ့လယ် ၂ နာရီခွဲမှာ လူငယ်နှစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
မနေ့ နေ့လယ် ၂ နာရီခွဲက အမှတ် ၉ အလယ်တန်းကျောင်း အနောက်ဘက်တံခါးမှာ လူငယ် ၇ ယောက် ဆန္ဒပြစာတန်း ချိတ်ဆွဲခဲ့ရာ ကျောင်းတာဝန်ရှိသူတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့က စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး လိုက်လံဖမ်းဆီးတာကြောင့် လူငယ်နှစ်ဦးကို မိသွားတာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကျောင်းမှာ စာလာကပ်တယ်ဆိုပြီး လိုက်ဖမ်းတာ၊ ကောင်လေးတယောက် ကောင်မလေးတယောက် မိသွားတယ်။ ဒီရပ်ကွက်ကမဟုတ်ဘူး၊ တခြားရပ်ကွက်က စာကပ်တဲ့သူလား ဘာလားတော့မသိဘူး ဖမ်းလာတာပဲ။”
ဖမ်းဆီးခံရသူနှစ်ဦးမှာ ရွှေပြည်သာမြို့နယ် ၁၂ ရပ်ကွက် ဂန္ဓာမာလမ်းသွယ်နေ အသက် ၁၈ နှစ်အရွယ် မောင်ဖြိုးသော်ထွန်းနဲ့ ၁၈ ရပ်ကွက် သမာဓိလမ်းသွယ်နေ အသက် ၁၈ နှစ်အရွယ် မအိန္ဒြေဦးတို့ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့နှစ်ယောက်ကို ကျောင်းသားထု သွေးနဲ့ရေးသော ၇.၇.၁၉၆၂ မမေ့ကြနဲ့ ပိတ်စတွေ့တယ်။ ကျန်တဲ့သူတွေတော့ မမိဘူး။ စစ်တပ်က စစ်ဆေးနေတယ်။”
လတ်တလောမှာ စစ်ကောင်စီတပ်က ကျန်တဲ့လူငယ်တွေကို လိုက်လံရှာဖွေနေပြီး ဖမ်းဆီးခံရတဲ့ လူငယ်နှစ်ဦးကို ရွှေပြည်သာစစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။