မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်ကောင်စီတပ်က ဆိုင်ကယ် နှစ်ယောက်စီးနင်းသူတွေကို ဖမ်းဆီးငွေတောင်းနေပြီး ငွေအဆင်သင့်မပါပါက KPay နဲ့ အတင်းအဓမ္မ ငွေလွှဲခိုင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ရဲ၊ မီးသတ်တပ်ဖွဲ့က မြို့အဝင်တိုးဂိတ်နဲ့ မြို့တွင်းနေရာတချို့မှာ ဆိုင်ကယ်တစီးကို အမျိုးသားနှစ်ဦး စီးနင်းပါက အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနေတာလို့ ဆိုပါတယ်။
ဒေသခံအမျိုးသားတဦးက “မြို့အဝင် တိုးဂိတ်မှာ စစ်သား၊ ရဲနဲ့ မီးသတ်တပ်ဖွဲ့က ဆိုင်ကယ်တွေ စစ်ပြီးဖမ်းတယ်။ ဆိုင်ကယ်တစီးကို အမျိုးသားနှစ်ယောက်စီးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းသလို တခြားအကြောင်းပြချက်တွေနဲ့လည်း ဖမ်းတာပဲ။ အများအားဖြင့် နယ်ကတက်လာသူတွေ အများဆုံး ဖမ်းခံရတယ်။ ဖမ်းခံရလို့ ပိုက်ဆံမပါဘူးဆိုရင် ဖမ်းတဲ့သူက KPay နဲ့ လွှဲခိုင်းတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်တစီးကို အမျိုးသားနှစ်ဦး စီးနင်းပါက ဖမ်းဆီးတာ ရှိသလို တခြားအကြောင်းအမျိုးမျိုးပြ စစ်ဆေးဖမ်းဆီးပြီး ငွေ ၁၀,၀၀၀ တောင်းယူနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
မိတ္ထီလာမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခု ဖေဖော်ဝါရီလပိုင်းက ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။