တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ ဒေသခံ ၃ ဦးကို စစ်ကောင်စီက ဇူလိုင် ၂ ရက် ညနေ ၃ နာရီလောက်မှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကော့သောင်းမြို့ ဆယ်မိုင်မှာ နေထိုင်တဲ့ ကိုအေးမြင့်နဲ့ ဇနီး၊ ပုလုံးတုံတုန်းကျေးရွာမှာ နေထိုင်တဲ့ ကိုဝင်းနိုင်တို့ကို စစ်ကောင်စီတပ်က နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
“PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းဆီးသွားတာပါ။ အခုတလော ကော့သောင်းမြို့မှာ အဖမ်းအဆီး အရမ်းများနေတယ်။ အသေးစိတ်တော့ မသိရသေးဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။
ကိုအေးမြင့်ဟာ ခြံလုပ်သားဖြစ်ပြီး ဇနီးဖြစ်သူကတော့ စက်ချုပ်အလုပ်လုပ်ပြီး ကိုဝင်းနိုင်က အငှားယာဉ်မောင်းတဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခုလိုမျိုး ဆက်တိုက်ဖမ်းဆီးလာတာဟာ အပြစ်မဲ့ပြည်သူတွေကို အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီး မတရားအကျပ်ကိုင်လာတဲ့ သဘောပဲ” လို့ မြို့ခံက ပြောပါတယ်။
ဖမ်းဆီးခံရသူ ၃ ဦးကို ၂ မိုင်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ခန့်မှန်းပြောဆိုနေပေမယ့် အတိအကျကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ကော့သောင်းမြို့မှာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကနေ ဒီနေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြည်သူ အယောက် ၃၀ ကျော်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။