Home
မြန်မာသတင်း
ရွာငံဒေသခံ ၁၀ ဦးကို စစ်တပ်က ဖမ်းဆီး၊ နာရီပိုင်းအတွင်း ၁ ဦး အသတ်ခံရ
DVB
·
July 2, 2023
357114100_3676734035890727_7796421447342331132_n

စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ဒေသခံ ၁၀ ဦးထဲက ၁ ဦး နာရီပိုင်းအတွင်း  ဥပဒေမဲ့ သတ်ဖြတ်ခံရတာကြောင့် ကျန် ၉ ဦးရဲ့ အသက်အန္တရာယ်အတွက် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။

ဇွန် ၂၉ ရက် ည သန်းခေါင်လောက်မှာ စစ်ကောင်စီက စစ်ကား သုံးစီးနဲ့ ရောက်လာပြီး လွစင်ရွာမှ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၄ ဦးနဲ့ နန်းခုံရွာမှ အမျိုးသား ၁ ဦး စုစုပေါင်း ၁၀ ဦးတို့ကို နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီထဲက ၁ ဦးကတော့ ဖမ်းဆီးခံရပြီး နာရီပိုင်းအတွင်း သေဆုံးသွားတာဖြစ်ပြီး နောက်တရက်မှာ စစ်ကောင်စီက မိသားစုဝင်တွေကို ဖုန်းဆက်အကြောင်းကြားလာတာလို့ လွစင်ရွာခံတဦးက ပြောပါတယ်။ 

“ရွာငံရဲစခန်းမှာ ဖမ်းထားတယ် ပြောလို့ မိသားစုဝင်တွေ လာကြည့်တော့ တွေ့ခွင့်မပေးဘူး။ သေသွားတဲ့တယောက် အလောင်းကိုလည်းခုထိ ပြန်မရသေးဘူး။ သေဆုံးသွားတဲ့သူက နန်းခုံရွာ ဦး အေးမောင်ဖြစ်တယ်။ ကျန်တဲ့လူလည်း အဲလိုဖြစ်မှာ ကြောက်ရတယ်။ လာဖမ်းတုန်းက မင်း တို့က PDF တွေ၊ သတင်းအတိအကျ ရထားပြီးသားလို့ ပြောပြီး ဖမ်းသွားကြတာ၊ မိန်းကလေး တွေပါတော့ ပိုစိုးရိမ်ရတယ်။” 

အဖမ်းခံရတဲ့သူတွေဟာ အသက် ၃၀ နဲ ၄၀ ကြားဖြစ်ကြပြီး အသက် ၂၀ ကျော် မိန်းကလေးငယ် တဦးလည်းပါဝင်တယ်လို့ ဆိုပါတယ်။

အဖမ်းခံရသောသူတွေဟာ နိုင်ငံရေးလှုပ်ရှားသူတွေမဟုတ်ဘဲ တောင်ယာ လုပ်ငန်းများလုပ်ကိုင်နေတဲ့ သာမာန်အရပ်သားတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာငံမြို့နယ်မှာ ပြီးခဲ့တဲ့ မေလက ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့်  ဒေသခံတွေ တောတောင်ထဲ ၁ လနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ တိုက်ပွဲပြန်ငြိမ်သွားပြီးနောက် နေအိမ်တွေမှာ   ပြန်လည်နေထိုင်ခဲ့ကြရာမှ အခုလို စစ်ကောင်စီရဲ့ အကြောင်းမရှိ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024