စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေကျင်ကျေးရွာ အရှေ့ဘက် ဘုရားကုန်းပေါ်မှာ ယာယီတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ဇူလိုင် ၁ ရက် ည ၇ နာရီခွဲလောက်မှာ ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ကိုင်းမြိုနယ်၊ စဉ့်ကိုင်ရွာကနေ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာပြီး ဝက်လက်မြို့နယ်၊ ရှိမ္မကားရွာဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး ရွှေကျင်ကျေးရွာကို စစ်ကြောင်းထိုးပြီးနောက် ဘုရားကုန်းမှာ ယာယီစခန်းချနေတာလို့ ဆိုပါတယ်။
"သွားပြီး ဒရုန်း ၄ စီးနဲ့ချတိုက်ခိုက်တာ။ သူတို့ပဲ ကံဆိုးချင်လို့လား မသိဘူးဗျာ။ ကျနော်တို့သွားပြီး ဒရုန်းနဲ့ဗုံးသီးချတဲ့အချိန်မှာ ရွှေကျင်ကျေးရွာက ပြည်သူနွားတကောင်ကိုသတ်ပြီး အမဲဖြတ်နေတဲ့နေရာကို ဗုံးသီးချတဲ့နေရာနဲ့ ကွက်တိဖြစ်သွားတယ်။ ပထမ အမဲဖြတ်နေတာက ၁၀ ဦးပါ။ ၁ ဦးက အပြင်ထွက်သွားလို ၉ ကောင်နေရာတင်သေဆုံးတယ်။ နောက်တနေရာက ဘုရားကုန်းမှာတပ်စွဲနေတဲ့ ကတုတ်ကျင်းထဲကို တည့်တည့်ချနိုင်ခဲ့တယ်ဗျ။ အဲအကြိမ်ကတော့ ၄ ကောင်သေပြီး ဒဏ်ရာရသူတွေလည်း များတယ်လို့ သိထားရတယ်။ သူတို့ဘက်က အဲလိုအတိုက်ခိုက်ခံရလို့ ကျနော်တို့ဘက်ကို စနိုက်ဘာတချက်ကောင်တာပြန်တယ်။ နောက်ပြီး ဒရုန်းနဲ့ တန်ပြန် ကျနော်တို့ဘက်ကို ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်။ သူတို့ပစ်ခတ်၊ ဗုံးသီးချတဲ့နေရာ နဲ့ ကျနော်တို့နဲ့က တခြားစီဖြစ်နေတာကြောင့် အထိအခိုက်မရှိခဲ့ဘူး” လို့ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ တပ်ရင်မှူး ဆရာလေးက ပြောပါတယ်။
အခုတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောင်ကြားတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင်တပ်ရင်း - ၁ (နဂါးနီတပ်ရင်း)၊ ရွေဘိုခရိုင်တပ်ရင်း - ၁၅၊ ဆားတောင်မိုးကြိုး (Local PDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဘုရားကုန်းမှာ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။