ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ စည်ကား ရပ်ကွက် ၁ မှာနေထိုင်တဲ့ အသက် ၆၃ နှစ်အရွယ် အဘိုးအိုတဦး ဇွန် ၃၀ ရက်က နေအိမ်မှာ ရိက္ခာပြန်သယ်ယူချိန် စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"အဘိုးကြီးကို သေနတ်နဲ့ပစ်လိုက်တာတဲ့၊ အလောင်းကို ထော်လာဂျီနဲ့တင်လာပြီး နတ်တောကျောင်းမှာရပ်နေတယ်တဲ့၊ နတ်တောကျောင်းမှာရှိတဲ့ သူတွေကပဲ အလောင်းကို ဖယ်ခုံ သုသာန်မှာ မြှုပ်ပေးရတယ်။"
အသက်၆၃ နှစ်အရွယ် အဘိုးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပြီး အမျိုးသမီးဖြစ်သူကတော့ ဘေးကင်းတယ်လို့ သိရပါတယ်။
မိုးဗြဲမြို့ စည်ကား ရပ်ကွက်တွေမှာနေထိုင်တဲ့ ပြည်သူတွေက နတ်တောကျောင်းအနီးအဝိုက်မှာ စစ်ရှောင်နေကြပြီး စစ်ဘေးရှောင်တွေနေတဲ့နေရာကိုလည်း စစ်ကောင်စီတပ်တွေက နေရာယူစောင့်ကြည့်တာတွေ၊ အင်အားချထားတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
မိုးဗြဲမြို့က ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇွန်လကလည်းက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေကြပြီး တိုက်ပွဲခဏ ငြိမ်နေချိန် နေအိမ်မှာ ရိက္ခာပြန်သယ်ယူသူတွေ ပစ်သတ်ခံရတာနဲ့ ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တယောက်က ပြောပါတယ်။