အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့နှစ်က စစ်တမ်းကောက်ယူခဲ့တဲ့ လိင်ပြောင်းထားသူ ၇၅ ရာခိုင်နှုန်းကျော် အပါအဝင် ပြည်သူထက်ဝက်ကျော်ဟာ သူတို့ရဲ့ သက်တမ်းတလျှောက် အွန်လိုင်းကနေ နှောင့်ယှက်တာနဲ့ အမုန်းပွားတာတွေကို ကြုံတွေ့နေရတယ်လို့ အသရေဖျက်မှု တိုက်ဖျက်ရေး အဖွဲ့ချုပ် (ADL) က ဇွန် ၂၈ ရက်မှာ ပြောပါတယ်။
ADL ရဲ့ ပဉ္စမမြောက် နှစ်ပတ်လည် စစ်တမ်းအရ ပြီးခဲ့တဲ့ တနှစ်အတွင်း အွန်လိုင်းအမုန်းပွားမှုနဲ့ နှောင့်ယှက်မှုတွေ အမေရိကန်ပြည်ထောင်စုက လူဦးရေစာရင်း အုပ်စုတိုင်းနီးပါးမှာ တိုးလာတာကို တွေ့ရပါတယ်။
အွန်လိုင်းကနေ နှောင့်ယှက်မှုတွေ ကြုံတွေ့ရနေရတယ်လို့ အမေရိကန် စစ်တမ်းဖြေဆိုသူ ၅၂ ရာခိုင်နှုန်းလောက်က စစ်တမ်းမှာ ဖြေဆိုခဲ့ တာပါ။ မနှစ်က ၄၀ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ပြီး အစီရင်ခံစာက တင်ပြခဲ့ပါတယ်။
လိင်ပြောင်းထားသူတွေအတွက် နှောင့်ယှက်မှု ၇၆ ရာခိုင်နှုန်းရှိပြီး ဂျူးလူမျိုး ဖြေဆိုသူ ၂၆ ရာခိုင်နှုန်း၊ လူမည်းအမေရိကန် ပြည်သူ ၃၈ ရာခိုင်နှုန်းနဲ့ မွတ်ဆလင် ၃၈ ရာခိုင်နှုန်းတို့က သူတို့ရဲ့ ဘဝတစ်လျှောက်မှာ အွန်လိုင်းပေါ်မှာ နှောင့်ယှက်ခံရတယ် လို့ ပြောပါတယ်။
ရီပတ်ဘလစ်ကန်ပါတီကြီးစိုးတဲ့ ပြည်နယ်တွေမှာ လိင်ပြောင်း လူငယ်တွေနဲ့ ပတ်သက်တဲ့ ဥပဒေမူကြမ်းတွေကို အလောသုံးဆယ် လက်မှတ်ထိုး အတည်ပြုခဲ့ပြီး ဒါတွေဟာ ကလေးတွေကို ကာကွယ်ဖို့ ရည်မှန်းထားတာလို့ ပြောပါတယ်။
ဒါပေမဲ့ အတိုက်အခံတွေကတော့ သူတို့ရဲ့ အခွင့်အရေးကို ကန့်သတ်ထားတာလို့ ပြောပါတယ်။ တချို့ပြည်နယ်တွေမှာတော့ ဆရာတွေက ပိုငယ်တဲ့ ကလေးတွေကို ကျားမ ကွဲပြားမှုနဲ့ ဖိုမလက္ခဏာ တွေ အကြောင်း မဆွေးနွေးဖို့ တားမြစ်ပိတ်ပင် ထားပါတယ်။
လိင်ပြောင်းလူငယ်တွေအပါအဝင် ကျားမကွဲပြားမှုအပေါ် ခံယူချက် မတူတဲ့ အမေရိကန် ပြည်သူတွေကို ပစ်မှတ်ထားတဲ့ စိတ်ကစဉ့်ကလျား ဖြစ်နေသူတွေရဲ့ ရုပ်ဆိုးတဲ့ တိုက်ခိုက်မှုတွေကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဇွန်လ အစောပိုင်းမှာ သတိပေးခဲ့ ပါတယ်။
အသရေဖျက်မှုတိုက်ဖျက်ရေးအဖွဲ့ချုပ် (ADL) ကိုယ်စား ပြည်သူ့ ထင်မြင်ချက်နဲ့ သတင်းအချက် အလက် အကဲဖြတ်ရေးဌာန ယူဂေါ့ဖ်က စစ်တမ်းတရပ်အတွင်း လူကြီး ၂၁၃၉ ယောက်နဲ့ ဆယ်ကျော်သက် အယောက် ၅၅၀ ကို မတ် ၇ ရက်ကနေ ဧပြီ ၆ ရက်ထိ ကာလအတွင်း အွန်လိုင်းပေါ်ကနေ စစ်မေးခဲ့တာပါ။
အွန်လိုင်းပေါ်က အမုန်းတရားကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းပညာနဲ့ လူမှုကွန်ရက် ပလက်ဖောင်း တွေက ပိုလုပ်ဆောင်ကြဖို့ အသရေဖျက်မှုတိုက်ဖျက်ရေးအဖွဲ့ချုပ် ADL က တိုက်တွန်း ထားပါတယ်။