စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်ထဲက ပင့်သာကျေးရွာကို စစ်တပ်က ဇွန် ၂၈ ရက်မှာ ၅ ကြိမ်မြောက် မီးရှို့ခဲ့ပြီး လတ်တလော ပျက်စီး ဆုံးရှုံးတဲ့အခြေအနေကို မသိရသေးဘူးလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ပါတယ်။
အဲဒီအဖွဲ့ တာဝန်ရှိသူက "၂၇ ရက် မနက် ၅ နာရီ လောက်မှာ ကျွန်းလှမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ပင့်သာမှာတညအိပ်ပြီး ၂၈ ရက် မနက် ၈ နာရီ ၁၅မိနစ် လောက်မှာ မီးရှို့ဖျက်ဆီးနေတာကို မြေပြင်က သတင်းပိုလာတယ်” လို့ ပြောပါတယ်။
ပင့်သာကျေးရွာဟာ ကျွန်းလှ-ကောလင်းလမ်းပိုင်းမှာရှိပြီး ချပ်သင်း၊ ချပ်ကြီးရွာတွေနားမှာ စစ်တပ်ထိုင်စခန်းရှိတာကြောင့် မကြာခဏ စစ်ကြောင်းထိုးခံရတဲ့ ကျေးရွာဖြစ်ပါတယ်။
အိမ်ခြေ ၆၃၅ အိမ်ရှိတဲ့ ရွာကြီး တရွာဖြစ်ပြီး အခုအခါနဲ့ဆိုရင် မီးရှို့ဖျက်ဆီးခံရတာ ၅ ကြိမ်ရှိပြီဖြစ် သလို အရင် ၄ ကြိမ်က နေအိမ် ၁၅၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။