စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာက နေအိမ် ၂ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဇွန် ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က ဘန်းလမွတ်ကျေးရွာမှာ စစ်တပ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ပစ်ခတ်မှုဖြစ်ပြီးနောက် အကာအကွယ်ယူပစ်ခတ်ခဲ့တဲ့ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
နေအိမ်မီးရှို့ခံရတဲ့ မိသားစုဝင်တဦးက"စစ်သားတွေက ဘန်းလမွတ်ရွာထဲမှာ သေနတ်သံကြားရင် တရွာလုံးကို မီးရှို့မယ်လို့ ပြောထားတယ်။ မနေ့ ၃ နာရီလောက်မှာ ပြည့်သူကာကွယ်ရေးအဖွဲ့က သေနတ်နဲ့ လာပစ်တော့ ခဏအကြာမှာ အိမ်ကို မီးလာရှို့သွားတယ်" လို့ ပြောပါတယ်။
ဘန်းလမွတ်ကျေးရွာမှာ ဇွန် ၆ ရက်တည်းက ချောင်းညီကိုကျေးရွာတိုက်ပွဲအပြီးနောက် ကျန်နေတဲ့ ဒေသခံတွေကို မောင်းထုတ်လိုက်တာကြောင့် အကုန်ပြောင်းရွှေ့လိုက်ရတယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက "သူတို့ကို လာတိုက်ရင် နေအိမ်တွေကို မီးရှို့မယ်ဆိုတဲ့ပုံစံ ခြောက်နေတာပါ။ မဆီမဆိုင်ရွာသားတွေရဲ့နေအိမ်တွေကို မီးလိုက်ရှို့တဲ့ သဘောပါ” လို့ ပြောပါတယ်။
ဒါ့အပြင် ၃ဝ၆ အမြောက်တပ်က ည ၆ နာရီကျော်လောက်မှာ ဘန်းလမွတ်ကျေးရွာနားက ဝါးပျောက်တောင်နဲ့ ကျွဲသုံးပေါင်တောင်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တယ်လို့လည်း ပြောပါတယ်။
ဘန်းလမွတ်ကျေးရွာမှာ အိမ်ခြေပေါင်း ၂ဝဝ ကျော်ရှိပြီးတော့ တိုက်ပွဲတွေကြောင့် တရွာလုံး စစ်ဘေး ရှောင်နေကြရတယ်လို့လည်း သိရပါတယ်။