ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဇွန် ၂၈ ရက် ညနေ ၅ နာရီကျော်လောက်က အသက် ၁၁ နှစ်အရွယ် ကျောင်းသူလေးတဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗန်းမော်မြို့ ပေါက်ကုန်းရပ်မှာ အသက် ၃၀ ကျော်အရွယ် အင်ခွန်ယော်က အသက် ၁၁ နှစ်အရွယ် ကျောင်းသူလေးတဦးကို သူငယ်ချင်းအိမ်ကနေ ဆော့ပြီးပြန်လာစဉ် လမ်းခုလတ်မှာ ပါးစပ်ပိတ်ချီ ခေါ်သွားကာ သက်ငယ်မုဒိမ်းမှု ကျူးလွန်ဖို့ ကြိုးစားစဉ် ကလေးငယ်က အော်ဟစ်လို့ စောင်နဲ့ဖိသတ်တာကြောင့် အသက်ရှူရပ် သေဆုံးခဲ့တာလို့ ရပ်ကွက်နေ ဒေသခံတဦးက ပြောပါတယ်။
“အဲဒီလူက အရက်လည်းသောက်တယ်၊ မိန်းမကိစ္စလည်း ရှုပ်တယ်၊ မူးယစ်ဆေးလည်း သုံးစွဲတယ်၊ မိန်းကလေးက လိမ္မာရေးခြားရှိတယ်၊ သေဆုံးသူရဲ့ မိသားစုဝင်တချို့နဲ့ ရင်းနှီးပါတယ်။ ကလေးမလေးကို မုဒိမ်းကျင့်ဖို့ကြိုးစားပြီး ဘေးအိမ်တွေကြားမှာစိုးလို့ စောင်နဲ့ဖိသတ်ပြီး သူ့အိမ်နဲ့မဝေးတဲ့ လမ်းကြားဘက်က ဝါးရုံပင်အောက်မှာ အလောင်းကို ပြန်လာပစ်သွားခဲ့တာ။ အလောင်းကို ပြန်တွေ့ရတော့ ကိုယ်ငွေ့လေး ရှိနေသေးတယ်။ တကိုယ်လုံးနီးပါးလည်း နှိပ်စက်ခံထားရတယ်။ နှာခေါင်းရိုးတွေ လက်တွေလည်း ကျိုးကြေနေတယ်။”
မိန်းကလေးငယ်ရဲ့ အလောင်းကို ဗန်းမော်မြို့ ဟန်းတဲရပ် ကြက်ပေါင်ခြံမှာ ဇွန် ၂၉ ရက်က သင်္ဂြိုဟ်ခဲ့ပြီးဖြစ်ကာ တရားခံကိုတော့ ဗန်းမော်မြို့မရဲစခန်းမှာ ချုပ်နှောင်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
မြို့ခံတဦးက“ဒါမျိုးဖြစ်စဉ်ကြောင့် မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို ပိုပြီး ဂရုစိုက်ကြဖို့ လိုလာပြီ။ မိန်းကလေးမွေးထားတဲ့သူတွေ ပိုလို့ဂရုစိုက်ကြရမှာ။ ခေတ်ကြီးက မကောင်းဘူး။ အခုလည်း အုတ်အော်သောင်းနင်းဖြစ်မှာစိုးလို့ အထက်က သူတို့အဖိခံရမှာစိုးလို့ ရဲတပ်ဖွဲ့ဝင်တွေက သတင်းဖုံးဖို့ ကြိုးစားနေတယ်” လို့ ပြောပါတယ်။
ဗန်းမော်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူသတ်မှု၊ ဆိုင်ကယ်နဲ့ ဖုန်းသူခိုးတွေ၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေ အဆမတန် များပြားနေပြီး မူးယစ်ဆေးသမားတွေ၊ သူခိုးတွေကို စစ်ကောင်စီနဲ့ ရဲတွေက သတင်းပေး ဒလန်အဖြစ် အသုံးချနေကာ ဖမ်းဆီးမိရင်လည်း အမြန်ပြန်လွှတ်ပေးနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
Photo Cj