ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွှေမင်းဂံဆိပ်ကမ်းမှာဆိုက်ကပ်ထားတဲ့ အင်ဗွီရာဇာမင်း ကုန်တင်သင်္ဘောက သင်္ဘောသား ၃ ဦးဟာ ဇွန်လ ၂၈ ရက် ညက ရေနစ်ပြီး သေဆုံးသွားပါတယ်။
ဇွန်လ ၂၈ ရက် ည ၈ နာရီကျော်လောက်က ကုန်းပေါ်ကို ရိက္ခာပစ္စည်းသွားဝယ်ပြီး သင်္ဘောသို့ အပြန်မှာ စက်လှေမြုပ်လို့ သေဆုံးသွားတာလို့ ရွှေရောင်မေတ္တာဖောင်းဒေးရှင်းက ကိုဗျာလ ကပြောပါတယ်။
“ကျနော်တို့ အလောင်း နှစ်လောင်းကို ရှာဖွေတွေ့ရှိထားပါပြီ။ နောက်တလောင်းကတော့ ကြိုးစားပြီးရှာဖွေနေကြတယ်။ သူတို့ သုံးဦးက ကုန်းပေါ်ပစ္စည်းတွေလာဝယ်တာလို့ သိရတယ်။ အပြန်မှာ သူတို့ စီးလာတဲ့ စက်လှေက ပေါက်ပြီး ရေတွေလာတာကို ထိန်းမနိုင်တော့ဘဲ လှိုင်းကလည်း ကြီးနေတော့ အဲဒီမှာ ရေနစ်မြုပ်ကြတာလို့ သိရတယ်။ စီးလာတာကတော့ လူ ၄ ဦးမှာ ၃ ဦးက ရေနစ်ပြီးတော့ သေသွားပါ” လို့ပြောပါတယ်။
စက်လှေမှာပါသွားသူတွေထဲက တဦးကတော့ အသက်ရှိတယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ သင်္ဘောသားတယောက်ရဲ့ ရုပ်အလောင်းကို ရှာဖွေလို့ မရသေးဘူးလို့ လူမှုကူညီရေးတွေပြုလုပ်ပေးနေတဲ့ ရွှေရောင်မေတ္တာဖောင်းဒေးရှင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သေဆုံးသွားသူ ၃ ဦးကတော့ ကိုသက်ပိုင်ဦး၊ ကိုသန့်ဇင်နဲ့ ကိုချစ်မင်းပိုင်တို့ ဖြစ်ကြပြီး သေဆုံးသွားသူ ၃ ဦးလုံးဟာ ရန်ကုန်မြို့က လို့သိရပါတယ်။
ရေနစ်ပြီး သေဆုံးသွားခဲ့သူ ၃ ဦးအထဲက ကိုသက်ပိုင်ဦးနဲ့ ကိုသန့်ဇင်တို့ရဲ့ အလောင်းတွေကို ဇွန်လ ၃၀ ရက် နေ့လယ်မှာ ရှာဖွေတွေ့ရှိထားပြီး စစ်တွေမြို့ ပြည်သူဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ထားကာ ကိုချစ်မင်းပိုင်ရဲ့ ရုပ်အလောင်းကို မတွေ့သေးဘူးလို့ သိရပါတယ်။
အခုရေနစ်ပြီး သေဆုံးသွားကြတဲ့ သင်္ဘောသား ၃ ဦးအလုပ်လုပ်နေကြတဲ့ အင်ဗွီ ရာဇာမင်း ကုန်တင်သင်္ဘောဟာ စစ်တွေ-ရန်ကုန် ကိုကုန်စည်ပို့ဆောင်နေတဲ့ ကုန်တင်သင်္ဘောဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာကလည်း စစ်တွေမြို့ ပွိုင့်ကမ်းခြေမှာ ကလေးငယ် ၃ ဦးရေနစ် သေဆုံးသွားခဲ့ပြီး ၄ ရက်မြောက်အကြာမှာ အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဓာတ်ပုံ- ရွှေရောင်မေတ္တာဖောင်းဒေးရှင်း/ မေတ္တာရောင်ခြည် ဖောင်ဒေးရှင်း