မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၇၃၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၃,၆၅၁ ယောက် ထိရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇွန် ၃၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၂၉၅ ယောက် လက်ရှိ ချုပ်နှောင်ခံထား ရဆဲဖြစ်ပြီး အဲဒီထဲက ၆,၆၂၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၅ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံ ထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၇ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၃၅၆ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကနေ ဒီကနေ့အထိ အခုနှစ်ဇွန်လကုန်အထိ နိုင်ငံတဝန်း ပညာရေးကဏ္ဍက ဆရာ၊ ဆရာမ တွေ အပါအဝင် ဝန်ထမ်း အမျိုးသား ၂၂၁ ယောက်နဲ့ အမျိုးသမီး ၂၄၉ ယောက်၊ စုစုပေါင်းအယောက် ၄၇၀ ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီအ ယောက် ၄၇၀ ထဲမှာ မန္တလေးတိုင်းက ၁၀၈ ယောက်နဲ့ အများဆုံး ဖမ်းဆီးခံရပြီး မတရား ပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၁၈ ယောက် ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်ကလည်း ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာက အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျောင်းဆရာမ ဒေါ်နွယ်နွယ်ဦးနဲ့ ကိုင်း တောကွင်းကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရပ်ကျေးအဖွဲ့ဝင် ဦးကျော်တို့ကို အကြမ်းဖက်စစ်အုပ်စုတပ်က ကျေးရွာတွေအတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီးတော့ ရှာဖွေဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဇွန် ၂၄ ရက်မှာတော့ ဟင်္သာတမြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) တို့ နဲ့ အမှုဖွင့်ထားပြီး လက်ရှိမှာတော့ သူတို့ကို ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။