တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ မရင်းငယ်ဖျားကျေးရွာ၊ အားမာန်သစ် ဆီဆိုင်အနီး မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းပေါ်မှာ ဇွန် ၃၀ ရက် မနက် ၉ နာရီလောက်က ခရီးသည်ယာဉ်နဲ့ အုတ်တင်ယာဉ်တို့ တိုက်မိပြီး ကားသမား ၂ ဦးနဲ့ ခရီးသည် ၈ ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက “တနင်္သာရီဘက်ကလာတဲ့ အုတ်တင်ကား ဘရိတ်ပေါက်ပြီး မြိတ်ဘက်ကလာတဲ့ ခရီးသည်ကားကို ဝင်တိုက်တာပါ။ အဲဒီမှာ ခရီးသည်ကားမောင်းတဲ့ ကားသမားက ကားထဲမှာ ဝင်ညပ်နေတာပါ။ အဲအချိန်ကနေ ကားသမားကို ဆွဲထုတ်တာ ၁၀ နာရီ မိနစ် ၂၀ လောက်မှ ဆွဲထုတ်နိုင်ခဲ့တယ်။ သေဆုံးသူမရှိပါဘူး” လို့ ပြောပါတယ်။
မိုးသောက်ကြယ် ခရီးသည်ယာဉ်မှာ ခရီးသည်အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၈ ဦးပါဝင်ပြီး ယာဉ်တိုက်မှုဖြစ်ပြီးတဲ့နောက် ကားထဲမှာညပ်နေတဲ့ ယာဥ်မောင်းကို ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့၊ နာရေးကူညီမှုအသင်းနဲ့ ဒေသခံတွေ ပူးပေါင်းပြီး ကူညီကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
“ညပ်မိသွားတဲ့ ကားသမားကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲ ရတာပါ။ ဆိုးဆိုးဝါးဝါးဆိုလို့ ခြေမခေါင်းပြတ်သွားတဲ့သူပဲ ရှိတာပါ။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို နာရေးကူညီမှုအသင်းတွေက မြိတ်ဆေးရုံကြီးဆီ ပို့ဆောင်ပေးလိုက်ပါပြီ” လို့ ကူညီပေးသူတွေက ပြောပါတယ်။