ရန်ကုန်တိုင်း၊ အလုံမြို့နယ်တနေရာမှာ လူတန်းစားမရွေး ပန်းချီအနုပညာတွေနဲ့ ထိတွေ့နိုင်စေဖို့အတွက် ပန်းချီပြပွဲ တခုကို လူငယ်ပန်းချီဆရာနှစ်ယောက်က ၃ ရက်တာ ပြုလုပ်ခဲ့ပါတယ်။
ပန်းချီ Event လို့အမည်ပေးထားတဲ့ ဒီပြပွဲကို ဇွန် ၂၇ ရက်ကနေ ၂၉ ရက်အထိ အလုံမြို့ လမ်းဘေးတနေရာက ကော်ဖီဆိုင်မှာပြုလုပ်ခဲ့တာဖြစ်ပြီး လူငယ်ပန်းချီဖန်တီးရှင် Tristam Art နဲ့ Pyae Pyae Hsu Paing တို့ရဲ့ ကိုယ်တိုင်ရေး ပန်းချီကား လက်ရာတွေကို ခင်းကျင်းပြသထားတာဖြစ်ပါတယ်။
အခရိုင်းလစ်ပန်းချီဆရာမ မပြည့်ပြည့်ဆုပိုင်က “စစတုန်းကတော့ Artist သုံးဦးပြဖို့ စီစဥ်ထားတာ၊ တဦးက ကျန်းမာရေးအခြေအနေကြောင့် မပါဖြစ်ဘူး။ အဲ့ဒါနဲ့ ရောင်စုံခဲတံပန်းချီဆွဲတဲ့ သူတယောက်ရယ်၊ ကျမရယ် လုပ်ဖြစ်တယ်။ ဆိုတော့ colour pencil ပန်းချီအမျိုးအစားနဲ့ acrylic ပန်းချီအမျိုးစားတွေပါရှင့်၊ လမ်းဘေးကော်ဖီဆိုင်မှာ ပြတာဆိုတော့ စျေးသွားစျေးလာတွေ၊ လူတန်းစားမရွေး ဝင်ကြည့်နိုင်စေဖို့အတွက်ပါ”လို့ ပြောပါတယ်။
အခြေခံလူတန်းစားတွေ လာရောက်ကြည့်ရှုနိုင်စေဖို့ လမ်းဘေးပြပွဲလေး စီစဥ်ဖြစ်ခဲ့တာလို့ မပြည့်ပြည့်ဆုပိုင်က ဆက်ပြောပါတယ်။
“ပန်းချီအနုပညာရှင်တွေရဲ့ gallery တွေက များသောအားဖြင့် မြို့ထဲတွေ၊ ကွန်ဒိုတွေမှာ ရှိကြတယ်။ သာမန် စျေးသွားစျေးလာ လမ်းသွားလမ်းလာတွေကျ ရောက်ဖို့ ကြုံတောင့်ကြုံခဲပေါ့နော်။ တချို့ကြ ကြည့်ချင်ပေမဲ့လည်း နေရာဝေးတာတို့ အချိန်မပေးနိုင်တာတွေ ရှိလို့ရယ်၊ အခြေခံလူတန်းစားတချို့ရဲ့ mindset မှာကျတော့ ‘ငါတို့သွားရင် fit ဖြစ်ပါ့မလား၊ ဝင်ကြေးကကော ပေးရမှာလား..’ ဆိုတဲ့ ရှိန်နေတဲ့စိတ်တွေကြောင့် သွားမကြည့်ဖြစ်ကြဘူးပေါ့နော်။ အဲ့လိုနဲ့ ဒီလိုပွဲလေး စီစဥ်ဖြစ်သွားတာပါ။”
ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ဒီပန်းချီပြပွဲကို သေသေချာချာ စိတ်ဝင်တစားနဲ့ လာကြည့်ကြတဲ့အတွက် ဝမ်းသာရပြီး နောက်တခါ ထပ်လုပ်ဖို့လည်း အစီအစဉ်ရှိတာမို့ ပန်းချီ ညီအစ်ကိုမောင်နှမတွေကို နောက်ပွဲတွေမှာ ပါဝင်ပေးဖို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်။