အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့ သဘာပတိအဖွဲ့ဝင် ဘဘ ဟံသာဝတီ ဦးဝင်းတင်ကတော့ ထောင်နဲ့ပတ်သက်ပြီး မှတ်သားလိုက်နာစရာ ဆုံးမစကားစုလေးတစု ပြောဖူးတာ မှတ်သားဖူးပါတယ်။ နိုင်ငံရေးသမားဆိုတာ “တမင်တကာ ထောင်ကျအောင်လည်း မလုပ်ရဘူး၊ ထောင်ကျမှာလည်း မကြောက်ရဘူး” တဲ့။
ဘဘရေ ကျနော်တို့တော့ တမင်တကာ ထောင်ထဲဝင်လို့ရအောင်ကို အစည်းအဝေးတွေလုပ် အကူငွေတွေ လိုက်ခံပြီးတော့ကို ထောင်ထဲရအောင် ဝင်ခဲ့ရပါတယ်။ ဒါတောင် မလောက်ငလို့ ပိုက်ဆံပါချေးငှားပြီး ထောင်သားတွေကို အမေ့စုမွေးနေ့မှာ မုန့်ဟင်းခါးအာဟာရဒါန လုပ်နိုင်ဖို့ အမည်စာရင်းတွေပေးရ၊ မှတ်ပုံတင်အမှတ်ပေးရနဲ့ တစုံတခုဖြစ်ရင် အလှူပေးရင်း ထောင်ကျသွားနိုင်တဲ့ အခြေအနေပါဗျာ။
ဘဘပြောသလို တမင်တကာ ထောင်ကျအောင်မလုပ်ခဲ့ပေမဲ့ ညောင်ဦးထောင်ထဲတော့ ဝင်ခဲ့ရပါတယ်။ ဒါပေမဲ့ ထောင်ကျမှာတော့ စိုးစဉ်းမျှမကြောက်ပါဘူး။ ထောင်ထဲကို ကျနော်တို့ လူငယ်ခေါင်းဆောင်တွေ ဝင်ခွင့်ရခဲ့ပါတယ်။ ထောင်တံခါးဖွင့်ပေးတဲ့ ထောင်ဝန်ထမ်းတွေကစ ထောင်ပိုင်ကြီးကပါ ကြည်ဖြူစွာ စီးကြိုပါတယ်။ ဦးညွှတ်ကြပါတယ်။ ကျနော်တို့ကလည်း ပြန်ပြီး လေးလေးစားစား နှုတ်ဆက်ပြုံးပြလိုက်ကြပါတယ်။
ကျနော်တို့ကို ဧည့်တွေ့ဝင်ခွင့်ကတ်တွေ ထုတ်ပေးပါတယ်။ ဒီနေရာမှာ ကျနော်တို့ ဘဝင်မကျတာတော့ ရှိပါတယ်။ အဲဒါကတော့ လုံခြုံရေးအရဆိုကာ ဖုန်းတွေ ကင်မရာတွေ အကျဉ်းထောင်ထဲကို ယူဆောင်ခွင့်မရှိတာပါပဲ။ မုန့်ဟင်းခါးဟင်းတွေ၊ မုန့်ဖတ်တွေကို ထောင်ဝန်ထမ်းများက အရင်ဦးဆုံး ယူဆောင်သွားကြပြီး ထောင်သားတွေရှိတဲ့နေရာကို ကြိုတင်ပြီး နေရာချထားကြပါတယ်။ ခဏကြာမှ ကျနော်တို့ နောက်ထပ် တကယ့် ထောင်ဝင်းထဲ ရောက်သွားပါတယ်။
အဲဒီမှာ ကော်ခွက်ကလေးတွေ ကိုယ်စီကိုယ်ငှ ကိုင်ထားကြပြီး တန်းစီကာ ပုံစံတမျိုးနဲ့ ထိုင်နေကြတဲ့ အပြာရောင်ဝတ် ထောင်သား ဦးကြီး ဦးလေး ညီအစ်ကို အရွယ်မျိုးစုံကို တွေ့ရပါတယ်။ အတွေးကိုယ်စီ သံဝေဂကိုယ်စီနဲ့ တည်ငြိမ်နေတဲ့ သွင်ပြင်လက္ခဏာများနဲ့ရော၊ ငါ ထောင်ထဲကထွက်ရင်တော့ နောင်အမှားတွေကို မကျူးလွန်တော့ဘူးလို့ ပြောနေတဲ့ လူငယ်လူရွယ် ထောင်သားခပ်ငယ်ငယ်များကိုလည်း တွေ့ရပါတယ်။
မည်သို့ပင်ဆိုစေကာမူ ကျနော်တို့နှလုံးသားများဝယ် အနည်းငယ် နာကျင်ကြေကွဲရတာ ကတော့ဖြင့် ဆိုဖွယ်ရာမရှိပေ။ အထူးသဖြင့် ထောင်တန်းစီးလား ဒါမှမဟုတ် ထောင်ဝန်ထမ်းလားတော့မသိ… စာတရွက်ကိုဖတ်ပါတယ်…. အဲဒီစာမဖတ်ခင်မှာ ကျနော်တို့ ညောင်ဦးခရိုင် လူငယ်တာဝန်ခံက ထောင်သားတွေကို မုန့်ဟင်းခါးအာဟာရဒါန လာရောက်ကျွေးမွေးရတဲ့အကြောင်းကို ပြောခွင့်ရပါတယ်။
“ကျနော်တို့ အခုလိုလာရောက်ပြီး မုန့်ဟင်းခါး အာဟာရဒါန ကျွေးမွေးရခြင်းကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်၏ ၇၂ ပြည့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ပြုလုပ်ရခြင်းဖြစ်ပါတယ်။ အမေ့ကို ကျန်းကျန်းမာမာနဲ့ ဒီထက်ပိုပြီး တိုင်းပြည်နဲ့ လူထုအကျိုး သယ်ပိုးဆောင်ရွက်နိုင်ဖို့ ဆုတောင်းပေးကြပါ။ ဒီမုန့်ဟင်းခါး အာဟာရဒါနကို မြိန်ရှက်စွာ စားသုံးကြပါလို့ ပြောချင်ပါတယ်။”
စောစောကပြောတဲ့ ထောင်ဝန်ထမ်းက စာရွက်တရွက်နဲ့ ကျနော်တို့အလှူရှင်တွေကို ဆုတောင်းမေတ္တာ ပြန်လည်ပို့သပြီး ကောင်းမှုနုမော် သာဓုခေါ်ကြပါတယ်။ ခေါင်းဆောင်က ရှေ့ကနေ တိုင်ပေးပါတယ်။ နောက်က ထောင်သားတွေက လိုက်ဆိုကြပါတယ်။ ဒီအချိန်မှာတော့ ကျနော့်ရင်ထဲ စို့သွားပါတယ်။ လွတ်လပ်ခြင်းရဲ့ ဂုဏ်ကျေးဇူးကို ပိုလို့ အောက်မေ့မိပါတယ်။ ကျနော်တို့ဘဝတွေကို လွတ်လပ်ခြင်းတွေ၊ ငြိမ်းချမ်းခြင်းတွေ ဆောင်ကြဉ်းပေးတဲ့ ကိုအောင်ဆန်းတို့အမေ၊ ကိုအောင်ကျော်တို့အမေ ရန်ကုန်တက္ကသိုလ်ကြီးကိုလည်း လွမ်းမောရပါတယ်။ ငြိမ်းချမ်းခြင်း လွတ်မြောက်ခြင်းတို့ကို ဆောင်ကြဉ်းပေးနေတဲ့ မိခင်၏ ၇၂ နှစ်ပြည့်မွေးနေ့မှာ မလွတ်မြောက် မငြိမ်းချမ်းနိုင်သူတွေ အတွက် ကိုယ်ချင်းစာမိ သံဝေဂဖြစ်မိပါတယ်။ အခုတော့လည်း အမေကိုယ်တိုင် အကျဥ်းသား ပြန်ဖြစ်လို့ နေပါရောလား။
သူတို့ကို အာဟာရဒါန ကျွေးမွေးခွင့်ရတဲ့အတွက်လည်း ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ထောင်သားတွေ ဆိုတာကလည်း ကျွေးချင်တိုင်း ကျွေးလို့မရဘူးလေ။ ကျွေးခွင့်ရသည့်တိုင် ငွေကြေးအခက်အခဲရှိလို့ နောက်ဆုံး လူငယ်လုပ်ငန်းအဖွဲ့ရဲ့ ဂုဏ်သိက္ခာအတွက် နောက်မဆုတ်ချင်လို့ မဖြစ်ဖြစ်အောင် ကြိုးစားခဲ့ရပါတယ်။ ဒါပေမဲ့ လိပ်ပြာသန့်ဖို့အတွက်ရော လူငယ်တယောက်ရဲ့ ကိုယ်ကျင့်တရားအတွက်ပါ ငွေတသိန်း ချေးယူခဲ့ရပါတယ်။ ဒါပေမဲ့ ကျနော် ကျေနပ်ပီတိဖြစ်ခဲ့ရပါတယ်။ ကူညီထောက်ပံ့ခဲ့သူများကို ဒီစာထဲကနေ မှတ်တမ်းတင် ကျေးဇူးတင်အပ်ပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ၂၁ ရာစု ငြိမ်းချမ်းရေးမိခင် အမေ ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်ပြည့် မွေးနေ့မင်္ဂလာ အကြောင်းပြု၍ ကောင်းမှုပြုခဲ့ကြတာပါ။ ထောင်ကျနေတဲ့ အကျဉ်းသား ၄၀၀ ကျော်နဲ့ ထောင်ဝန်ထမ်းများနှင့် စုစုပေါင်း လူ ၅၀၀ ကျော်အတွက် မုန့်ဟင်းခါး အာဟာရဒါန ကုသိုလ်ပြုခဲ့ကြပါတယ်။ ညောင်ဦးမြို့ အကျဉ်းဦစီးဌာန (ထောင်) က ပြောပြတဲ့ လွတ်မြောက်ခြင်းရဲ့တန်ဖိုးကို ထောင်ထဲကို တကယ်ရောက်သွားကြမှ ပိုသိနိုင်ကြမှာပါ။ လွတ်လပ်ခြင်းကို တန်ဖိုးထား စောင့်ရှောက်နိုင်ကြစေလိုတဲ့ စေတနာနဲ့ အတိတ်က အရိပ်ကို လှစ်ဟပြပေးလိုက်ရပါကြောင်း။
အမေ့မွေးနေ့အတွက် ဂုဏ်ပြုဖျော်ဖြေရေးကားပေါ်မှာတော့ အောက်ပါကဗျာလေးကို ရွတ်ဆို ပူဇော် ဂုဏ်ပြုခဲ့ပါတယ်။
မိခင်ရည်မှန်း ဒေါင်းတို့ဥဒါန်း
မိခင်၏နှောင်ကြိုးကို ဖြည်ပါအံ့။
သည်းစွာသော ဝေဒနာကို ကုစားပါအံ့။
သားတို့၏ လုံ့လဝိရိယဖြင့် မိခင်နာလန်ထူပါစေအံ့။
အကျဥ်းထောင်အတွင်းမှ လွတ်မြောက်ပါစေအံ့။
မိခင်၏ မျက်လုံးအစုံသည် သားတို့တိုင်းပြည်၏
ဉာဏ်ပညာ အလင်းကို ဆောင်ကြဉ်းပေးနိုင်တဲ့ ပြတင်းပေါက်ဖြစ်လို့
နတ်မျက်စိသို့ ထွန်းလင်းတောက်ပပါစေ အမေ။
အမိ၏အသိပညာ ဂုဏ်ကျေးဇူးတရားတို့ကို မသိတတ်သော ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်စည်းရုံးနိုင်စွမ်းကို သားတို့အားပေးပါလေ။
ကမ္ဘာမှာ မည်သည့်နိုင်ငံမှ မကျင့်သုံးဘူးသေးသော
သစ္စာ၊ မေတ္တာ နိုင်ငံရေးလမ်းစဉ်ကို
အမေနှင့်အတူ (ပြည်သူနှင့်အတူ) လျှောက်လှမ်းခွင့်ကို
သားတို့အား ပေးပါလေ။
သားတို့၏ စိတ်ကူးတို့ အကယ်အဖြစ်သို့ ရောက်သောအခါ
ထိုသူတို့လည်း ဝမ်းမြောက်ကြည်နူးခြင်းသို့ ရောက်ပါစေအံ့။
အမေက ဇွန် ဆယ့်ကိုး ကျနော်က ဇွန် နှစ်ဆယ်
နှစ်ဆယ့်ရှစ်အရွယ်မှာ ထိန်သာခဲ့တာ ငွေလမင်းအမေရယ်ပါ။
ဘဝမှာ တခါသာသေရမည်ဖြစ်၍
ကြုံရအံ့သော ဘေးရန်တို့ကိုကား
သားတို့ ထီမည်မဟုတ်။
ကိုယ်ကျင့်သိက္ခာနှင့် ဉာဏ်ပညာသည်သာ
လောကမှာ မြတ်နိုး တန်ဖိုးထားစရာ
အကောင်းဆုံးလို့ အမေက စံပြပုဂ္ဂိုလ်အနေနှင့်
လက်တွေ့ လုပ်ပြနိုင်ခဲ့တယ်လေ။
သူတပါးတို့၏ ချီးမွမ်းခြင်း၊
ကဲ့ရဲ့ခြင်းကို
သားတို့ အလျင်း ဂရုမပြုရိုး အမှန်ပါ။
မိခင်ထံမှ ဒါမှ ငါ့သားများဟူသော
ကြူးရင့်သံကိုသာ လိုလားတောင့်တပါ၏။
ဒီလောကတွင် မိခင်၏ကျေးဇူးတရားကို
အသိတတ်ဆုံးသော၊ ပညာရှိသော၊
ကိုယ်ကျင့်ကောင်းသော အကြောင်းကိုသိသော
သားကောင်းတယောက်သာ ဖြစ်လိုပါ၏။
မှတ်ချက်။ ။ အမေဒေါ်အောင်ဆန်းစုကြည် ကဗျာကို သားတယောက်အနေဖြင့် ပြန်လည်ခံစား ရေးဖွဲ့သည်။
ဤကောင်းမှု ကုသိုလ်ကံများကြောင့် အမေနဲ့အတူ နိုင်ငံရေးအကျဉ်းသားများ ကျန်းမာ ချမ်းသာစွာဖြင့် အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ကြပါစေသတည်း။
အရေးတော်ပုံ မုချအောင်မြင်ရမည်။
ချစ်မင်းနွဲ့ကြည်