Home
မြန်မာသတင်း
နျူကလီးယားဓာတ်အားပေးစက်ရုံဆောက်ရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ရုရှားနှင့် စစ်ကောင်စီ တွေ့ဆုံဆွေးနွေး 
DVB
·
June 29, 2023
357345992_193288776722010_662604645956725011_n

နျူကလီးယားအခြေခံတဲ့ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးကိစ္စ စစ်ကောင်စီဝန်ကြီးတွေနဲ့ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (Rosatom)က တာဝန်ရှိသူတွေ ဇွန်လ ၂၈ ရက်က ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့  ဒီကနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာရောက်နေတဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Spasskiy Nikolay ဦးဆောင်တဲ့ အဖွဲ့နဲ့ စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်နဲ့ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ရန်ကုန်နည်းပညာတက္ကသိုလ်မှာ တွေ့ဆုံဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

တွေ့ဆုံရာမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့  Rosatom တို့ လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန် လွှာအရဆောင်ရွက်ခဲ့တဲ့ အပူ စွမ်းအင်သုံးဓာတ်အားပေး စက်ရုံစီမံကိန်းအကြို ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုအစီရင်ခံစာကို Rosatom မှ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသို့ ပေးအပ်ခဲ့သလို နျူကလီးယားအခြေခံ အဆောက်အအုံအကဲဖြတ်ခြင်းနဲ့ မြှင့်တင်ခြင်းကဏ္ဍအတွက် နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးကြတယ်လို့ ဆိုပါတယ်။

Rosatom ဒုညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခွင့်ရရှိလို့ ဂုဏ်ယူမိကြောင်း၊ ပူစွမ်းအင်သုံးစီမံကိန်းတွေနဲ့  တခြားစီမံကိန်းတွေမှာ ပိုမိုရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြောင်း၊ MoU ရေးထိုးပြီးတဲ့ လေအားလျှပ်စစ်စီမံကိန်းတွေအတွက် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာတဲ့ လုပ်ငန်းကိုတတ်နိုင်သမျှ ပူးပေါင်းကူညီဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးအတွက် နားလည်မှုစာချွန် လွှာ (MoU) ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလက လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်။

ROSATOM နဲ့ မြန်မာနိုင်ငံက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်တဲ့ သိပ္ပံပွဲတော် ၂၀၂၃ ဖွင့်ပွဲအခမ်းအနားကိုလည်း မနေ့မနက်က ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ကျင်းပပါတယ်။

လျှပ်စစ်ကဏ္ဍမှာ ရုရှား-မြန်မာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ဖို့ လေအားလျှပ်စစ် စီမံကိန်းတွေအတွက် နားလည်မှုစာချွန်လွှာကို  ဇွန် ၁၅ ရက်က  စိန့်ပီတာစဘတ်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်အတွင်း စစ်ကောင်စီနဲ့ ရုရှား  လက်မှတ် ရေးထိုးခဲ့တာဖြစ်ပါတယ်။

အလားတူ ရုရှား-မြန်မာချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒု ဥက္ကဋ္ဌမစ္စတာ အန်နာသိုလီဘူးလော့ချ်နိကော့ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကလည်း မနေ့က နေပြည်တော်မှာ စစ်ကောင်စီခန့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

တွေ့ဆုံစဉ် ရုရှား-မြန်မာနှစ်နိုင်ငံအကြား ဓာတ်သတ္တုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဓာတ်သတ္တုရှာဖွေရေးနဲ့ ဆင့်တက်ပြုပြင်ခြင်းလုပ်ငန်းတွေမှာ နည်းပညာအကူအညီ ပေးအပ်ရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးကြပါတယ်။

ဒါ့အပြင် မစ္စတာ အန်နာသိုလီ ဘူးလော့ချ်နိကော့နဲ့အဖွဲ့ဟာ စစ်ကောင်စီခန့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့လည်း တွေ့ဆုံပြီး လျှပ်စစ်၊ စွမ်းအင်၊ သတ္တု၊ စက်မှု၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ နည်းပညာ၊ စိုက်ပျိုးရေးနဲ့ ငွေရေးကြေးရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးက ထုတ်ပြန်ပါတယ်။

ယူကရိန်ကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားနဲ့ မြန်မာနိုင်ငံမှာ တရားမဝင် အာဏာလုယူထားတဲ့ စစ်ကောင်စီတို့ကို နိုင်ငံတကာအသိုက်အဝန်းက ဝိုင်းဝန်းဖယ်ကြဉ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ပြုလုပ်နေချိန်မှာ ရုရှားနဲ့  မြန်မာစစ်ကောင်စီတို့ ပိုမိုနီးကပ်စွာ ဆက်ဆံနေကြတာ ဖြစ်ပါတယ်။

တာဝန်ကနေ အနားယူတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး ဒေါက်တာနီကိုလိုင်း လစ်စတိုပါဒေါ့ဗ်ကိုလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  စွမ်းဆောင်ရည်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024