ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နားခါမြောက်ရပ်ကွက်ရှိ သမာဓိရွှေဆိုင် ဒီနေ့ နေ့လယ် ၁ နာရီဝန်းကျင်က ဓားပြတိုက်ခံရပြီး ရွှေထည်တန်ဖိုး သိန်း ၁၅၀၀ ဖိုး ပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့ နေ့လယ် ၁ နာရီဝန်းကျင်က သမာဓိ ရွှေဆိုင်ကို ဆိုင်ကယ်သုံးစီးနဲ့ အမျိုးသား ၆ ဦး ရောက်လာကာ ဝန်ထမ်းတွေကို သေနတ်နဲ့ချိန်ပြီး ဆိုင်အတွင်းရှိ ရွှေတွေ လုယက်သွားတာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"သေနတ်နဲ့ပစ်တာတော့ မရှိဘူး။ ဓားပြတိုက်ခံရတဲ့အချိန် ဆိုင်ရှင်လည်းရှိတယ်၊ သေနတ်နဲ့ချိန်ပြီး ကောင်တာထဲက ရွှေတွေယူသွားတာ။"
သမာဓိရွှေဆိုင် ဓားပြတိုက်ခံရတဲ့အမှုဖြစ်စဥ်မှာ ဓားပြတိုက်သူ အမျိုးသားခြောက်ဦးက ရွှေထည်မျိုးစုံ ၅၀ ကျပ်သား၊ တန်ဖိုးငွေသိန်း ၁၅၀၀ ဖိုးလောက် ပါသွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"ဆိုင်ကယ်တွေနဲ့ နန်းမားဘက်ကို ပြေးသွားတယ် ကြားလို့ စစ်ကြောင်းက လိုက်နေတယ်။"
လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ရဲတွေဟာ မိုးညှင်းမြို့နယ် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်နဲ့ နန်းမား-ဟိုပင်ဘက်ကို သွားတဲ့နေရာတွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။