ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ ၁၀ ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) ရှိ ၅ ထပ်အဆောက်အဦ ၄ လွှာကနေ ဇွန် ၂၈ ရက် မနက်ပိုင်းက ကျောင်းသားတဦး ပြုတ်ကျသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အရေးပေါ် အခမဲ့လူနာတင်ယာဉ်များကွန်ရက် (M.A.N) ကနေ သိရပါတယ်။
သေဆုံးသူဟာ အသက် ၁၉ နှစ်အရွယ် ဂျာမန်ဘာသာမေဂျာ ဒုတိယနှစ်ကျောင်းသား ဘုန်းပြည့်ကျော်လို့ သိရပြီး ဒီနေ့မနက် ၁၀ နာရီ ၄၅ မိနစ်လောက်က International Students Hall ၅ ထပ်ဆောင်ရဲ့ ၄ လွှာကနေ မြေပြင်ပေါ်ကို ပြုတ်ကျသေဆုံးခဲ့တာပါ။
မြို့ခံကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “ပြုတ်ကျတာလား၊ ခုန်ချတာလားတော့ မသိရပါဘူး။ အသင်းကို ကျောင်းသားတဦး ပြုတ်ကျတယ်လို့ပဲ အကြောင်းကြားတာပါ။ ခေါင်းထိထားတယ်၊ လည်ပင်းကျိုးသွားတဲ့ ပုံစံပါ” လို့ ပြောပါတယ်။
၄ လွှာပေါ်က ပြုတ်ကျတာကြောင့် ဦးခေါင်းပေါက်ပြဲ၊ လည်ပင်းနဲ့ ခြေထောက်ကျိုး ဒဏ်ရာတွေ ရရှိထားပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရုပ်အလောင်းကို M.A.N အသင်းခွဲ ကံ့ကော်မြေလူနာတင်ယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်ကလည်း တက္ကသိုလ်ရိပ်သာလမ်းမှာ သရက်ပင် ပြိုလဲမှုကြောင့် စီးပွားရေးတက္ကသိုလ်ကျောင်းသားတဦး ခြေထောက်ကျိုးကြေပြတ်တောက်ဒဏ်ရာ ရရှိခဲ့ပါတယ်။