တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ ဒေသခံပြည်သူ ၁၀ ဦးလောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်မပေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၅) ရက် ညက စစ်ကောင်စီက ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်က ဆေးရုံလမ်းကြားမှာ လူငယ် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် ဇွန် ၂၆ ရက် ည ၁၁ နာရီခွဲလောက်မှာ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသား ၁ ဦးကို စစ်ကောင်စီတပ်က နေအိမ်မှာ ထပ်မံ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
ရပ်ကွက်နေ ပြည်သူတဦးက “ဘာကြောင့် လာဖမ်းတယ် ဆိုတာလည်း မပြောသွားဘူး။ အိမ်ထဲမှာ ထမင်းစားနေတုန်း တံခါးဖွင့်ခိုင်းပြီးတော့ မေးစရာရှိတယ်လို့ ပြောပြီး ခေါ်သွားတယ်တဲ့။ မိသားစုဝင်တွေနဲ့လည်း မပေးတွေ့ဘူး။ အရင်ရက်တွေက ဖမ်းထားတဲ့လူတွေကိုလည်း ရိုက်နှက် စစ်ဆေးတယ်တဲ့၊ မိသားစုတွေတော့ စိတ်ပူနေတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဇွန် ၂၅ ရက် မနက် ၂ နာရီလောက်မှာလည်း ပိတောက်ရွှေဝါရပ်ကွက်နဲ့ အေးမြကန်သာရပ်ကွက်တို့က အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က နေအိမ်တွေမှာ ဖမ်းဆီးခဲ့ပြီး အဲဒီမတိုင်ခင် ဇွန် ၂၄ ရက်ကလည်း လူငယ် ၃ ဦးကို ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။
အဆိုပါ ဖမ်းဆီးထားတဲ့သူတွေကို ကော့သောင်းရဲစခန်းမှာ ထားရှိပြီး စစ်ကောင်စီတပ်က ရိုက်နှက်စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပြီး မိသားစုဝင်တွေကိုလည်း တွေ့ဆုံခွင့် မပေးဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်က ကော့သောင်းမြို့နယ်မှာ ပျူစောထီးခေါင်းဆောင် ၁ ဦးနဲ့ ဒုပျူစောထီးခေါင်းဆောင် ၁ ဦးတို့ကို သူတို့ကင်းစခန်းထဲမှာ ကော့သောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ ရှင်းလင်းပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။