Home
ဆောင်းပါး
တော်လှန်ရေးခရီးကြမ်းမှာ သက်လုံကောင်းသူတွေသာ ပန်းဝင်လိမ့်မယ်
DVB
·
June 28, 2023
Article 1

“တော်လှန်ရေးကို စိတ်မဝင်စားရင်”

ကျနော်တို့ အဖိနှိပ်ခံ လူမျိုးအသီးသီးဟာ တော်လှန်ရေးကို စိတ်မဝင်စားဘဲ အထင်သေးနေရင် ဘေးထိုင် ဘုပြော နေသာသလို ငါနဲ့မဆိုင်ဘူးဆိုပြီး လုပ်နေကြမယ်ဆိုရင် ဒီတော်လှန်ရေးဟာ မြန်သင့်သလောက် မမြန်ဘဲ ကြာနေဦးမှာပါပဲ။ ကမ္ဘာ့အလယ်မှာ လူရာမဝင်ဘဲ အောက်တန်း နောက်တန်း ကျနေဦးမှာပါပဲ။ တော်လှန်လိုစိတ်မရှိတဲ့ လူမျိုးတွေရှိတဲ့ နိုင်ငံဟာ အကောင်းကြီး ကြာရှည်ခံမှာ မဟုတ်ပါဘူး။ ကျန်နေရင်တောင် စုတ်ပြတ်သတ်ပြီး ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာ ညှိုးညှိုးငယ်ငယ်နဲ့ ကျန်နေခဲ့ဦးမှာပါ။

နိုင်ငံရေးကို စိတ်မဝင်စားရင်

နိုင်ငံရေးကို စိတ်မဝင်စားရင် ဘာဖြစ်လဲ။ ကိုယ့်ထမင်း ကိုယ်ရှာစားရတာ။ ကိုယ်လုပ်မှ ကိုယ်စားရတာ။ စသဖြင့် အငေါ်တူးပြီး ပြန်မေးနိုင်ပါတယ်။ အဲဒီလို ပေါက်လွှတ်ပဲစား ပြောလာတဲ့သူတိုင်းကို လွှတ်မပေးဘဲ အမုန်းခံ၊ အမြင်ကပ်ခံပြီး၊ ဟုတ်လားလို့ ပြန်မေးပြီး တချက်ချင်း ပြန်ရှင်းပြဖြစ်တာကြီးပါပဲ။

နိုင်ငံရေးစိတ်မဝင်စားတော့ ကျွန်ဖြစ်တာပေါ့။ မြန်မာပြည်မှာတော့ ကျွန်ဖြစ်ရင် ရိုးရိုးဖြစ်ရိုးထုံးစံ မရှိဘူး။ ရှယ်ဖြစ်တာကြီးပဲ။ ဦးပေါ်ဦးစကားနဲ့ ပြောရရင် စစ်ကျွန်ပါ ခင်ဗျာလို့ ပြောရမှာပါပဲ။ ဟုတ်ပါတယ် စစ်ကျွန်။ မင်းအောင်လှိုင်ရဲ့ကျွန်။ ရိုးရိုးလေးပါပဲ။ စစ်သားကြီးဖြစ်ပြီး နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်းမနေဘဲ နိုင်ငံရေးကို စိတ်ဝင်စားပြီး အာဏာကို နည်းလမ်းအမျိုးမျိုးနဲ့ ရအောင်၊ တရားတာရော၊ မတရားတာရော ဘာမှ ထည့်တွက်မနေဘဲ ခွေးတောပေါက်ကပဲဖြစ်ဖြစ် အာဏာရယူထားတဲ့ နိုင်ငံရေး လုပ်စားကောင်တွေ၊ ခပ်ညံ့ညံ့ နိုင်ငံရေး မီးကျိုးမောင်းပျက်တွေရဲ့ ကျွန်ပြုခြင်းကို ခံရတာပေါ့။ သိပ်ပြီးမခံရပါဘူး၊ ခံရလှ တသက်ပေါ့။

ကျနော်တို့ မြန်မာပြည်စစ်တပ်ရဲ့ ကျွန်ဖြစ်လာတာ အခုမှမဟုတ်ပါဘူး။ ၁၉၆၂ ကတည်းကပါ။ ခေတ်အဆက်ဆက် တော်လှန်ရေးလုပ်လာလိုက်ကြတာ အခုထိ ကျွန်ဇာတ်မသိမ်းသေးပါဘူး။ ဒါ့ကြောင့် ၂၁ ရာစု G Z တွေက ကြွေးကြော်ကြတာပေါ့။ ဒါ နောက်ဆုံးတိုက်ပွဲ ဖြစ်ရမယ်ဆိုပြီး တော်လှန်နေကြတာပေါ့။ ထိရောက်တဲ့ ကြွေးကြော်မှုပဲ။ တော်လှန်သင့်သော တရားသောစစ်ပွဲပဲ။ ဒီပွဲလှတယ်။ ကျနော်တို့နိုင်မှာပါ။ ပြည်သူတွေ ယုံယုံကြည်ကြည် ပုံအောပြီး အသက်ပဲချန်။ ကျန်တာအကုန် လောင်းကြေးထဲထည့်ပြီး တိုက်ပွဲဝင်နေကြတာပါ။ ဘဝတွေနဲ့ပါ ပါတယ်။ တသက်လုံး ရွှေစဉ်မျိုးဆက် ချမ်းသာမယ့်ပွဲလို့ ကျနော်တို့ ယုံကြည်တယ်။

သမိုင်းကိုပြန်ကြည့်၊ သိပ်ပြီး ရှည်ရှည်ဝေးဝေး ကြည့်စရာမလိုပါဘူး။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းတဲ့ဖြစ်စဉ်ကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။ အခု အာဏာလု စစ်ကောင်စီ မင်းအောင်လှိုင်ရဲ့ကျွန် လုပ်ချင်စိတ်ရှိသူတွေဟာ နိုင်ငံရေးစားဖားတွေ၊ နိုင်ငံရေးထိုင်ခုံကို ခွေးတိုးပေါက်က ထိုင်ချင်သူတွေ များတယ်။ မိမိရဲ့ပါတီကို ပြည်သူလူထုက ထောက်ခံမဲပေးလာအောင် ပြည်သူလူထုရဲ့ ချစ်ခင်အားပေးမှုကို ရအောင် နိုင်ငံရေးနည်းဗျူဟာ ပညာချို့ယွင်းလေတော့ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ပေါင်းပြီး ဟင်္သာကိုးသောင်းဇာတ် ကပြီး ကိုယ့်လူမျိုး ကိုယ်ပြန်စားတဲ့အလုပ် လုပ်ကြတဲ့အထိ မိုက်တွင်းနက်နေကြရပြီ။

“ယဉ်ကျေးမှုကို စိတ်မဝင်စားဘဲ အထင်သေးနေရင်”

ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဆိုတာ ဘာလဲ။ မတရားတဲ့ အမိန့်အာဏာ၊ မမျှတတဲ့ ဥပဒေ ဟူသမျှကို တွန်းလှန်၊ တော်လှန်ရဲတဲ့ လူ့အဖွဲ့အစည်းလို့ ကျနော် အဓိပ္ပာယ်ဖွင့်ချင်ပါတယ်။ ကိုယ့်ရှေ့မှာ မတရားမှုကြီး ဖြစ်နေတာ၊ မမျှတမှုကြီး ဖြစ်နေတာ၊ အဲဒါကို ခင်ဗျား ရပ်ကြည့်နေမယ် ဆိုရင်တော့ ခင်ဗျားဘာသာ ဘာကောင်ကြီးဖြစ်နေနေ ခင်ဗျားဟာ ရမ်းကားတဲ့လူ၊ ယဉ်ကျေးမှုမရှိတဲ့သူလို့ ကျနော်တို့ သတ်မှတ်ရမှာပဲ။ ဒါကိုပဲ ပြောနေတာပါ။ နွေဦးတော်လှန်ရေးမှာ CDM မလုပ်တဲ့သူတွေကို လူငယ်တွေက ခါးခါးသီးသီး သူတို့အနာဂတ် ဖက်ဒရယ်နိုင်ငံတော်မှာ ထိုသူတွေအတွက်၊ ထိထိခိုက်ခိုက်ပြောရရင် အချောင်သမားတွေ အတွက် နေရာမရှိစေရလို့ ပြောကြတာပေါ့။

ဒီဘက်ခေတ် ယဉ်ကျေးတယ်ဆိုတာ ဒါကိုပြောတာပါ။ ခေါင်းတုံး တုံးပြီး ဘုန်းကြီးဝတ်ထားလည်း ပြည်သူ့ဒုက္ခကို ကိုယ်ချင်းမစာဘဲ တိုက်ကြီးကောင်းကောင်းပေါ်မှာ မိန့်မိန့်ကြီးထိုင်ပြီး ထမင်းတွေ ဟင်းတွေ အလျှံပယ် စားသောက် ဇိမ်ခံနေသေးတယ်ဆိုရင် သူ့ကိုလည်း မယဉ်ကျေးသူလို့ မှတ်ရမှာပဲ။ အခွင့်ထူးခံ လူ့အန္တ ပုထုဇင်လို့ပဲ ပြောရမှာပဲ။ သာမန်လူတွေထက်တောင် ယုတ်မာသေးတယ်။ ကောက်ကျစ်သေးတယ်။ လူသာမန်က ကိုယ့်လုပ်စာ ကိုယ်ရှာစားတာ၊ သူက ဒါယကာ ဒါယိကာမတွေဆီက အလှူခံစားတာ။ မာယာသာဌေးယ ပိုဖြစ်တယ်။ နောက်ပြီး လူလိမ်တွေက ရှိသေးတယ်။ တိုက်ပုံအဖြူကြီးဝတ်ပြီး စိတ်ဓာတ်က မည်းပုပ်နေပြီး ပြည်သူလူထုရဲ့ အသွေးတွေ အသားတွေ ဘဝတွေနဲ့ ရင်းထားတဲ့ ချွေးနည်းစာတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ခိုးပြီး ချမ်းသာနေတဲ့ ခရိုနီ၊ ခရိုဝါ၊ ခရိုပြာ၊ ခရိုစိမ်း စတဲ့ စားဖားညီညွတ်ရေး အသိုင်းအဝိုင်းဟာလည်း အရိုင်းအစိုင်းကောင်တွေပဲ။ အဲဒီလိုကောင်တွေလည်း ငါတို့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီး တည်ဆောက်ခွင့်ရတဲ့ နိုင်ငံတော်မှာ နေရာမရှိစေရပါဘူး။

“စာပေကို စိတ်မဝင်စားဘဲ အထင်သေးနေရင်”

အနုပညာကို စိတ်မဝင်စားဘဲ အထင်သေးနေရင်၊ သဘာဝကို စိတ်မဝင်စားဘဲ အထင်သေးနေရင် အဲဒီလူမျိုးဟာ ကြာရှည်ခံမှာမဟုတ်ဘူး။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥ‌ေပက္ခာ ကိုယ်ကျင့်တရား သစ္စာတရားတို့ကို စိတ်မဝင်စားဘဲ အထင်သေးနေရင်၊ ပိုက်ဆံကိုချည်း မက်မောနေရင်၊ နေရာ ရာထူးအာဏာကိုပဲ ယစ်မူးနေရင် အဲဒီလူမျိုးဟာ ကြာရှည်ခံမှာမဟုတ်ဘူး။ လူမျိုးတမျိုးတမျိုးဟာ ဘယ်လောက်ပဲ သဘောထားကြီးသည်ဖြစ်စေ ပရမ်းပတာ အသိဉာဏ်ကင်းမဲ့တဲ့ လူအုပ်အဖြစ်ကို ပြောင်းလဲသွားရင် ကိုယ့်ခံစားချက်ကို ထိန်းကွပ်ပေးရမယ်။ အသိဉာဏ်ပညာကို အသုံးချနိုင်ကြရမယ်။ လူမျိုးတမျိုးဟာ ပိုက်ဆံသက်သက်ကို ရှာနေတဲ့ ပရမ်းပတာလူအုပ်သာ ဖြစ်နေရင် ကြာရှည်တည်လိမ့်မယ် မဟုတ်ဘူး။ အာဏာတည်မြဲဖို့ပဲ စိတ်အားထက်သန်နေရင် ကောင်းမွန်တဲ့ စနစ်တခု တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ လူမျိုးတမျိုးဟာ စာပေကို အထင်သေးနေရင်၊ သိပ္ပံပညာကို အထင်သေးနေရင်၊ ပိုက်ဆံကို ဒီလောက်မက်နေရင် ရာထူးအာဏာကို ဒီလောက်မက်မောနေရင် အဲဒီလူမျိုးဟာ ကြာရှည်ခံမှာမဟုတ်ဘူး။ အဲဒီလူ ဦးဆောင်တဲ့ အဖွဲ့အစည်းဟာ ပျက်မှာပဲ။

“ဒီမှာ ခဏရပ်ပြီးတော့ မဆီမဆိုင်ဘူးလို့ ခင်ဗျားတို့ထင်မယ့် မေးခွန်းတခုကို ကျနော် မေးချင်ပါတယ်။ မေးခွင့်ပြုပါ။ ခင်ဗျားတို့ မလိမ်မညာဘဲ အမှန်အတိုင်း ရဲရဲဝံ့ဝံ့ ဖြေကြည့်ပါ။ စာဖတ်သူနဲ့ စာရေးသူ စိတ်သဘောထား တူသလား၊ ကွဲသလား အရင်အကဲခတ်ချင်လို့ပါ။ ပရဟိတတို့၊ နိုင်ငံရေးတို့၊ တော်လှန်ရေးတို့ကို လုပ်ကြတဲ့အခါ…

“သူတပါး ချီးကျူးသြဘာပေးတာကို ခံချင်တဲ့စိတ်က အဓိကလား”

“လုပ်သင့်လုပ်ထိုက်လို့ လုပ်တာက ဒုတိယလား”

ကိုယ့်ဘာသာကိုယ် ပြန်မေးပြီး မကွယ်မထောက် အဖြေပေးပါ။ နောက်မေးခွန်းတခုက ကျနော်တို့မှာ ရဲဘော်ရဲဘက်ကောင်း၊ သူငယ်ချင်းကောင်းကို ရွေးချယ်ချင်တဲ့စိတ်လည်း ရှိတယ်။ ရွေးနိုင်တဲ့ အသိဉာဏ်လည်း ရှိပြီပဲထားပါ။ ရွေးနိုင်တဲ့အခွင့်အလမ်း ဘယ်လောက်များရှိလို့လဲ။

မိတ်ဆွေ၊ သူငယ်ချင်း၊ ရဲဘော်ရဲဘက် ဆိုတာ လိုအပ်လို့ ဖွဲ့ရတာလည်းရှိတယ်။ မတော်တဆ သိကျွမ်းရတာလည်း ရှိတယ်။

ဘဘဦးဝင်းတင် စကားနဲ့ ပြောရရင်…

“လမ်းချင်းတူလို့ လူချင်းဆုံကြတာမျိုးလည်း ရှိတယ်”။

ကျနော်တို့ဘဝမှာ မိတ်ဆွေစစ်စစ်၊ သူငယ်ချင်းကောင်း၊ သစ္စာရှိတဲ့ မဟာမိတ်ကောင်းကို ရှာစရာ နယ်ပယ်ဟာ တကယ့်ကို ကျဉ်းကျဉ်းလေးပါ။ မိတ်ဆွေတုကတော့ မရှာဘဲနဲ့ကို ရတတ်တဲ့အရာပါ။ အရည်အချင်း သိပ်မရှိတဲ့ မဟာမိတ်ကတော့ ခင်ဗျားရန်သူထက်တောင် ပိုဂရုစိုက်ရဦးမယ်။ စကားပုံတခု ရှိတယ်လေ။

“အရဲရင့်ဆုံး ရန်သူဟာ အကောင်းဆုံးမိတ်ဆွေ ဖြစ်နိုင်သတဲ့လေ”

ဥပမာ။   ။ စစ်ခေါင်းဆောင်တဦးနဲ့ ဆယ်မိနစ်လောက် တွေ့ဆုံပြီး စကားပြောခွင့်ရတယ်ဆိုပါစို့၊ အဲဒီခေါင်းဆောင်က မဖြေဘဲနေတာထက် ပိုမိုဆိုးဝါးတဲ့ စကားလုံးတွေနဲ့ ဖြေတာကို ကျနော်တို့ ကြားချင်ကြားရမယ်။ ဒါမှမဟုတ်လည်း အင်မတန်ချောတဲ့ မင်းသမီးတပါးရဲ့ အကြင်နာတရားနဲ့ အကြည့်ကို တွေ့ဖူးကောင်း တွေ့ဖူးလိမ့်မယ်။ ဒါလောက်ကလေးကိုပဲ ရခဲလှတဲ့ ဒုလ္လဘတရားကြီးတခုလို ကျနော်တို့မှာ အာသာငမ်းငမ်း ဖြစ်နေကြရတယ် မဟုတ်လား။ ဒီလို ဘာမဟုတ်တဲ့ အရာအမျိုးတွေအတွက် ကျနော်တို့ဟာ နှစ်တွေ လတွေ အချိန်တွေ ကုန်ခဲ့ကြရတယ်။ အားတွေ၊ အစွမ်းတွေ ကုန်ခန်းခဲ့ကြရတယ်။ ဒါပေမဲ့ တခြားတဖက်မှာ ကျနော်တို့အတွက် အမြဲတံခါးဖွင့်ထားတယ်။ ကျနော် နားထောင်ချင်တယ်ဆိုရင် အဆင့်အတန်းမရွေး၊ လူမျိုးမရွေး ကျနော်တို့ကို စကားပြောပေးမယ့် လူမှုအသိုက်အဝန်းကြီး လူ့အဖွဲ့အစည်းကြီးတခု ရှိနေတယ်။

သူတို့စိတ်ထဲမှာ အကောင်းဆုံးလို့ ယူဆပြီး ရွေးချယ်ထားတဲ့ စကားလုံးတွေနဲ့ ကျနော်တို့ကို စကားပြောပေးမယ့် အဖွဲ့အစည်းကြီးတခု ရှိနေတယ်။ သူတို့ပြောတာကို နားထောင်ရင် ကျနော်တို့ကိုလည်း အင်မတန်ကျေးဇူးတင်မှာပဲ။ အဲဒီလူ့အဖွဲ့အစည်းကြီးဟာ အရေအတွက်အားဖြင့်လည်း များပြားတယ်၊ နူးညံ့ကြင်နာမှုလည်းရှိတယ်။ သူတို့ဟာ ကျနော်တို့ကို ညီလာခံဝင်ခွင့်ပေးဖို့မဟုတ်ဘဲ ကျနော်တို့ထံ ညီလာခံဝင်ဖို့ တနေကုန် စောင့်ဆိုင်းနေကြတယ်။ သူတို့ရဲ့ ကွန်မန့်ဘောက်စ်ကိုလည်း အမြဲဖွင့်ပေးထားတယ်။

တချို့ကလည်း သဘာဝအတိုင်း၊ တချို့ကတော့ ဆန်းဆန်းပြားပြား ခမ်းခမ်းနားနားကို ပြင်ဆင်ထားတယ်။ ကျဉ်းမြောင်းတဲ့ ဧည့်ခန်းဆောင်များထဲမှာရော၊ နန်းတော်တမျှ ရဲတိုက်ကြီးတွေ အထဲမှာပါ ဘုရင်ဧကရာဇ်တွေ၊ နိုင်ငံရေးသုခမိန်တွေ၊ ဉာဏ်ပညာရှင်တွေ၊ စာရေးဆရာတွေဟာ ကျနော်တို့ကို ဒီဆိုရှယ်မီဒီယာပလက်ဖောင်း စာမျက်နှာကြီးကနေ စိတ်ရှည်စွာ စောင့်ဆိုင်းနေကြတယ်လေ။ ခင်များတို့ သတိမထားမိဘူး မဟုတ်လား။ ကျနော်တို့ဟာ အဲဒီအပေါင်းအသင်း သူငယ်ချင်း မိတ်ဆွေများကိုတော့ ထည့်သွင်းတွက်ချက်ခြင်း မပြုကြဘူး။ သူတို့ပြောတဲ့ စကားတွေကိုလည်း တနေ့လုံးနေလို့မှ တခွန်း နားထောင်ဖော်မရကြဘူး။ သူတို့ကိုဆိုရင် ခင်ဗျားတို့ အလေးမထားကြဘူး မဟုတ်လား။

ဥပမာဗျာ ကျနော်တို့ မြန်မာ့နိုင်ငံရေး သုခမိန်ကြီး ဦးအောင်ဆန်းရဲ့ သက်ရှိထင်ရှားမျက်နှာကို ဘယ်တော့မှ မြင်ခွင့်ကြုံစရာ မရှိတော့ဘူးဆိုရင် ဘယ့်နှယ်လုပ်မလဲ။ ဒါမှမဟုတ် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကို ကန့်လန့်ကာနောက်ကွယ်က နားထောင်ခိုင်းရင်ရော ဗိုလ်ချုပ်စကားကြားရရင် ခင်ဗျား ဝမ်းမသာနိုင်ဘူးလား။ ခင်ဗျားတို့ ဆွေးနွေးတိုင်ပင် ငြင်းခုံနေတာတွေ မပြည့်စုံဘူးဆိုတာ ခင်ဗျားတို့ကိုယ်တိုင် မသိဘူးဖြစ်နေတယ်။ သုညနဲ့ သုညတွေပဲ ပေါင်းနေရင် ဘယ်တော့မှ တန်ဖိုးထွက်မလာဘူး။ ခင်ဗျားတို့က တန်ဖိုးရှိတဲ့ တစ်ဂဏန်းလောက်ကိုပဲ ရှာဖို့ ဖတ်ဖို့ လေ့လာဖို့ ဖိတ်ခေါ်ဖို့ လက်ခံဖို့ သတ္တိ နည်းနေသေးတယ်။ အစကကောင်းတယ်။ အလယ်က ဟာနေတယ်။ အဆုံးသတ်ကို ဘာတန်ဖိုးနဲ့ ဖြတ်ထားတာလဲ။ ကျနော်မတွေ့ဘူး။

ဒါ နိုင်ငံရေး။ အခုဆို သွေးထွက်တဲ့နိုင်ငံရေး ဖြစ်နေပြီ။ နွေဦးတော်လှန်ရေးကို ပြောနေတယ်ဆိုတာ စာဖတ်သူ သဘောပေါက်မယ်လို့ ယူဆပါတယ်။ အားကစားကွင်းထဲက ဝီစီမှုတ်မှ အပြေးစရတဲ့ တာတိုလမ်းမဟုတ်ဘူး။ အဆုံးသတ်ရှိတဲ့ တာဝေးပြေးလမ်းလည်း မဟုတ်ဘူး။ ဒါ နိုင်ငံရေးလမ်း။ လူတွေရှိနေသရွေ့၊ နိုင်ငံတော်ရှိနေသရွေ့၊ ဆင့်ကဲပြောင်းလဲ ဖြစ်စဉ်တွေနဲ့ ဖြတ်သန်းနေမယ့် လူ့သမိုင်းကြောင်းကြီးပါ။ ဘယ်တော့ တော်လှန်ရေးပြီးမလဲ၊ ခင်ဗျား ကျနော့်ကို မမေးပါနဲ့။ လွတ်လပ်ရေးရရင် ပြီးပြီလို့ ကိုအောင်ဆန်းကတော့ အဲဒီလို ခပ်ပြတ်ပြတ် ပြောခဲ့ဖူးတယ်။ အခုလည်း ကျနော်တို့ တော်လှန်ရေး ဘယ်အချိန်ပြီးမလဲ၊ ဖက်ဒရယ်ရရင် ပြီးပြီလို့မှတ်ပါ။

ဒီပွဲဟာ

စစ်အာဏာရှင်စနစ် တော်လှန်ရေး

ယဉ်ကျေးမှု တော်လှန်ရေး

လူမျိုးရေးအမြင် ကျဉ်းမြောင်းမှု တော်လှန်ရေး

အတွေးအခေါ် ဉာဏ်ပညာ တော်လှန်ရေး

ကျင့်ဝတ် သိက္ခာ သစ္စာတရား တော်လှန်ရေး

ဓမ္မက အဓမ္မကို တော်လှန်ကြတဲ့ အရေးမှာ သက်လုံကောင်းသူတွေသာ ပန်းဝင်မယ့် ပန်းတိုင်။ အဆက်မပြတ် လျှောက်လှမ်းနိုင်မယ့် ခရီးကြမ်းလမ်းပဲ။ ဟုတ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်ဆီသို့ ဆိုတဲ့လမ်း။ အဲဒီလမ်းဟာ ကျနော်တို့အားလုံး ကူထမ်းပြီး လျှောက်ရမယ့်လမ်းပါပဲ။

ချစ်မင်းနွဲ့ကြည် ရေးသည်

ကိုးကား - ဧကရာဇ်တို့ရဲ့ ဘဏ္ဍာတိုက်များ (မြသန်းတင့်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024