စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းက ချင်ပြစ်ရွာနဲ့ ကြာစီရွာကြားကို တကြိမ်၊ ညောင်ကုန်းရွာကို တကြိမ် စုစုပေါင်း နှစ်နေရာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဇွန် ၂၇ ရက် ဒီနေ့ညနေ ၃ နာရီ မိနစ် ၅၀ မှာ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အခုလိုပစ်ခတ်တာဟာ မြေပြင်မှာ တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ တိုက်လေယာဥ်နဲ့ ပစ်ခတ်တာလို့လည်း ဒေသခံတွေက ဆိုပါတယ်။
ပုလဲဒေသခံပြည်သူတဦးက “လာပစ်တာက တိုက်လေယာဉ်နဲ့ လာပစ်တာ။ ချင်ပြစ်ရွာ အနောက်ဘက် မင်္ဂလာတာရိုးလို့ခေါ်တဲ့ တာဘောင်ရိုးကို လက်နက်ကြီး ၄ လုံးချ ပစ်ခတ်တာတွေ လုပ်တာဗျ။ အဲလိုပစ်လို့ တောကပြန်လာတဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသမီးနှစ်ဦး ကျည်စထိမှန်တာတွေ ရှိတယ်ဗျ။ အသက်အန္တရာယ်တော့ သိပ်မစိုးရိမ်ရဘူး။ အခုဆေးရုံပို့နေပြီ” လို့ ပြောပါတယ်။
နောက်တနေရာကတော့ ပုလဲမြို့ရဲ့ တောင်ဘက်မှာရှိတဲ့ ညောင်ကုန်းရွာကို ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“အခုမှ ရှင်းလေးရေးလုပ်နေတုန်းဗျ။ လာပစ်တာက တိုက်လေယာဉ်အမျိုးအစားပါ။ ဗုံးသီးက ၃ လုံးချတယ်ဗျ။ ၂ လုံးက ရွာကအိမ်တွေပေါ်ကျတယ်။ နောက်တလုံးက ဘုန်းတော်ကြီးကျောင်းပေါ်ကျတယ်။ အဲလိုဗုံးချလို့ ရွာထဲကအိမ် ၄ လုံး မီးလောင်တယ်။ ဘုန်းကြီးကျောင်းတကျောင်းလည်း ပျက်စီးတယ်ဗျ။ လူအထိအခိုက်ကတော့ အတော်များမယ်။ လတ်တလောကတော့ ဘုန်းကြီးတပါး အပါအဝင် ၇ ဦး သေဆုံးအလောင်း တွေ့ထားတယ်။ လူနေအိမ်တွေအပေါ် ကျတာဆိုတော့ ထိခိုက်သေဆုံးက ဒီထက်လည်း များနိုင်တယ်” လို့ ညောင်ကုန်းရွာ ကူညီကယ်ဆယ်ရေးသမားတဦးက ပြောပါတယ်။
စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်တဲ့ သာသနအဆောက်အဦတွေ၊ အရပ်သားတွေ နေထိုင်တဲ့ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေအတွင်း အခုလို လေကြောင်းကနေ ပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် အရပ်သားပြည်သူ သေဆုံးမှုတွေလည်း တနေ့တခြား တိုးပွားနေတယ်လို့ စစ်ကိုင်းတိုင်းအတွင်းက နိုင်ငံရေး၊ စစ်ရေး လေ့လာသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။