ကချင်ပြည်နယ်၊ မြစ်ကြီးနားက နာနတ်တောင်သူတွေကို ခြံပြတ်ဝယ်ယူရောင်းချသူတွေက အရင်နှစ်တွေထက် နာနတ်သီး စျေးပိိုပေး ဝယ်ယူလာကြတယ်လို့ မြစ်ကြီးနားက နာမည်ကြီး “ရွှေစက်သီး” ထွက်တဲ့ ရွှေစက်ရပ်ကွက်မှ နာနတ်တောင်သူတွေက ပြောပါတယ်။
“ဒီနှစ် ခြံပြတ်ဝယ်တဲ့သူတွေ ဒီနှစ် တလုံး ၄၀၀ စျေးနဲ့ စဖြတ်ကြတယ်။ အရင်နှစ်တွေကဆို ၂၀၀ လောက်ပဲရတာ။ ခြံပြတ်ဝယ်ရင် အသီးအရေအတွက်နဲ့ ရှင်းတာပါ။”
မြစ်ကြီးနား နာနတ်သီးက ပိုချိုပြီး အဲ့ထဲမှာမှ ရွှေစက်နာနတ်သီးက နာမည်ကြီးကာ ဗန်းမော်သီးက အလုံးပိုကြီးပေမဲ့ မြစ်ကြီးနားသီးလောက် မချိုဘူးလို့ သစ်သီးသည်တွေက ဆိိုပါတယ်။
ခုချိန်တော့ စောရင့်တဲ့အသီးတွေမှည့်တာ ၁ လုံးစ ၂ လုံးစပဲ ရှိပါသေးတယ်။ အပင်ကမှည့်တာ မဟုတ်ဘဲ မစားသင့်သေးပါဘူး။ ရင့်ဖို့တာစူနေတဲ့ ရင့်စပြုချိန်ပါ။ ခုချိန်ရောင်းရင် ၁ လုံး ၁,၅၀၀၊ ၂,၀၀၀ ရနိုင်တာမိို့ ရင့်တဲ့အလုံးကြီးတွေကို ဆေးတို့ပြီး ရောင်းကြတာ များပါတယ်။ သစ်သီးတန်းမှာဆို ၃,၅၀၀ လောက်ထိ စျေးရနေပါသေးတယ်။ တချို့ မြေသြဇာထည့်ထားတဲ့ အပင်တွေဆို အသီးကြီးတယ်။ ရင့်စပြုနေပြီဆိုရင် ရေသန့်ဘူးထဲ ဆေးဖျော်ထည့်၊ ဘူးခွံ အပေါက်ဖောက်၊ နည်းနည်းစီ ဖျန်းထားရင် သုံးလေးရက်လောက်ဆို တဝက်လောက်မှည့်ရော။ အဲဒါကို ပင်မှည့်လိုလိုနဲ့ ရောင်းကြတာ။ ဇူလိုင် ဒုတိယပတ်လောက်ဆိုရင် အပင်မှာမှည့်တာ များလာပြီ။ ဇူလိုင် ရက် ၂၀ ကျော်ဆိုရင် ဆေးတိို့သီး သိပ်မပါတော့ဘူးလို့လည်း သိရပါတယ်။
ကတုံးသီး သံချေးသီးတွေကို လူကြိုက်ပိုများပါတယ်။ ကတုံးသီးက ထိပ်ကို ကြွက်ကိုက်ဖြတ်တာမျိုး တခြားတိရစ္ဆာန်တွေ ကိုက်လိုက်ရင် အပေါ်က အရွက်မပါတော့ဘူး။ အသီးသီးရင် အပေါ်ကနေ ကောက်ရိုးတင်ပေး။ ဒါမှမဟုတ်ရင် အရွက်တွေကို အသီးပေါ်စုပြီး ချည်ထားကြတာကို တွေ့နိုင်ပါတယ်။
နာနတ်ရာသီကုန်ပြီးနောက် ၁၀ လပိုင်းမှာ နာနတ်တောင်သူတွေဟာ နာနတ်ရာသီ ကုန်သွားချိန် ခူးထားတဲ့ နာနတ်သီးအောက်ခြေက ထွက်လာတဲ့ အတက်လေးတွေကို ဖဲ့ပြီး ၂ တောင်ခြား မြောင်းတွေမှာ တတန်းမှာ ၁ တောင်အကွာခြားပြီး တတန်းမှာ ၂ ပင်တန်း စိုက်ကြပါတယ်။ ၂ ပင်ကြား အကွာအဝေးက ၂ ထွာကျော်လောက် ခြားပေးထားပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ နာနတ်တောင်သူတွေ ဝမ်းသာရမယ့်နှစ် ဖြစ်လာနိုင်ခြေရှိကြောင်း ဆိုပါတယ်။