ပဲခူးတိုင်းအနောက်ခြမ်း သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့ လမ်းမတော်လမ်း ဦးမိုးကြီး အရက်ဆိုင်ရှေ့မှာ အငြိမ်းစားရဲအရာရှိနဲ့ နယ်ထိန်း ခေါင်းဆောင်တို့ကို ဇွန် ၂၆ ရက် မနက်ပိုင်းမှာ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်က ပစ်ခတ်ခဲ့တာကြောင့် အငြိမ်းစားရဲအရာရှိ နေရာတင် သေဆုံးခဲ့တယ်လို့ မြို့ခံတွေနဲ့ နယ်ခံပြည်သူ့ကာကွယ်ရေး(PPDF) တပ်ဖွဲ့ဆီက သိရပါတယ်။
မနက် ၇ နာရီလောက် နယ်ထိန်း ကိုကျော်ကျော်နဲ့အတူ အငြိမ်းစားရဲအရာရှိ ဦးစိုးသက်အောင်တို့ ဆိုင်ကယ် တစီးနဲ့သွားလာနေစဉ် ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
မြို့ခံတဦးက "သူတို့နှစ်ယောက်က အတူသွားနေကျ လကုန်ရက် နှစ်လုံး၊ သုံးလုံးသမားတွေဆီက လိုင်းကြေးလိုက်ကောက်တာ။ ညနေဆို မြို့အထွက် ဆိုင်းဘုတ်နားမှာ ယူနီဖောင်းဝတ် ရဲသုံးယောက်လောက်နဲ့ ကုန်ကားတွေ နဲ့ ဆိုင်ကယ်တွေကို ဖမ်းစီးစစ်ဆေးပြီး ငွေတောင်းလေ့ ရှိတယ်” လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီး အငြိမ်းစားရဲအရာရှိ ဦးစိုးသက်အောင် နေရာတင်သေဆုံးပြီး နယ်ထိန်းခေါင်းဆောင် ကိုကျော်ကျော်ကတော့ ပြည်မြို့ဆေးရုံကြီးမှာ တက်ရောက်ကုသနေရတယ်လို့ သိရပါတယ်။
ပေါင်းတည်မြို့ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက "အဲ့ဒီနယ်ဘက်က လုံခြုံရေး တအားတင်းကျပ်ထားတော့ လုပ်ဆောင်ရတာ ခက်တယ်။ အဲဒီလူနှစ်ယောက်က သတင်းထွက် နေတာလည်းကြာပြီ၊ ပြည်သူကို အမျိုးမျိုးဒုက္ခပေးနေလို့ သွားရောက် ရှင်းလင်းခဲ့တာပါ။ ကျနော်တို့အဖွဲ့ကလူတွေ အခုလုံခြုံတဲ့နေရာရောက်ပါပြီ။ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်" လို့ ပြောပါတယ်။
ပစ်ခတ်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး အနီးဝန်းကျင်က ပြည်သူတချို့ကို ရဲစခန်းခေါ်သွားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု လက်ပံခုံကျေးရွာနဲ့ မအူကွင်းကျေးရွာကြားမှာ ဇွန် ၂၅ ရက် မနက် ၁၀ နာရီကျော်လောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အလစ်ငိုက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကောင်စီတပ် ယာတဲ ၂ လုံးမှာ နားနေစဥ်မှာ ပေါင်းတည်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF) တပ်ရင်း အဖွဲ့ (၁) Tiger စစ်ကြောင်းက ပစ်ခတ်တိုက်ခိုက်ရာ စစ် ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး နေရာမှာတင် သေဆုံးသွားပြီး ၄ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
၁၀ မိနစ်လောက်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ပေည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားပြီးနောက် MA3 ကျည်ဘောက် ၁ ခု၊ စက်ကလေးကျည်ဘောက် ၁ ခု၊ ၅.၅၆ ကျည်အတောင် ၂၀၊ ယူနီဖောင်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။