စစ်ကိုင်းခရိုင်အတွင်းက ဆားတောင်မြို့မရဲစခန်းကို ဇွန် ၂၅ ရက် ညနေ ၄ နာရီနဲ့ ၂၆ ရက် မနက် ၅ နာရီက ဒရုန်းအသုံးပြုပြီး ဗုံးသီးချတိုက်ခဲ့တယ်လို့ ဒေသခံ စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။
အခုလို တိုက်ခိုက်ရတာဟာ ဇွန် ၂၄ ရက်က တော်လှန်ရေးရဲဘော် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်တာကြောင့် အခုလို လက်တုံ့ပြန် တိုက်ခိုက်တာလို့လည်း ပြောပါတယ်။
ကျောက်ဆည်ခရိုင် တပ်ရင်း-၁ (နဂါးနီတပ်ရင်း) ဒုတပ်ရင်းမှူး ဆရာလေးက “ဆားတောင်မြို့မ ရဲစခန်းကို ကျနော်တို့ တိုက်ခိုက်တာက ဒရုန်း ၅ စီးနဲ့ ၂ ရက် တိုက်ခိုက်ခဲ့တာ။ ၂ ရက်ပေါင်း ဗုံးသီး ၄၀ ကျော်ချပြီး တိုက်ခိုက်ခဲ့တာဗျ။ ကျနော်တို့ အတွင်းသတင်းပေး ဖရဲသီးကို ငွေပေးပြီး သတင်းယူတဲ့အခါ စခန်းမှူး အပါအဝင် ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိတာတွေရှိတယ်လို့ သိထားရတယ်။ သူတို့ဘက်က ရမ်းသန်းပစ်ခတ်တာတွေ ရှိခဲ့တယ်။ ကျနော်တို့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
အခုတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့က ဦးဆောင်ပြီး ကျောက်ဆည်ခရိုင် တပ်ရင်း-၁ (နဂါးနီတပ်ရင်း)၊ မြင်းခြံခရိုင်တပ်ရင်း-၇ (ZERO ပြောက်ကျားတပ်ဖွဲ့တပ်ရင်း)၊ ရွှေဘိုခရိုင်တပ်ရင်း-၁၅၊ ဆားတောင်မိုးကြိုး (Local PDF) နဲ့ Danger Force (Local PDF) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ရာဇာကျော်ရွာနဲ့ တယ်ပင်ကန်ရွာကြားမှာ ဒီနေ့ ဇွန် ၂၆ ရက် မနက် ၇ နာရီကျော်လောက်က စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာကနေ အင်အား ၁၀၀ ကျော်နဲ့ စတင်ထွက်ခွာလာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တယ်ပင်ကန်ရွာသားတဦးက “ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကနေ ထွက်လာတဲ့ စစ်ကြောင်းဗျ။ မနေ့ညတုန်းကတော့ အင်ကြင်းတောင်မှာ စခန်းချပြီး ဒီနေ့မနက်မှာ ကျနော်တို့ရွာကနေ ပတ်ပြီး စစ်ကြောင်းထိုးတယ်။ အဲဒါကို ပြည်သူ့ကာကွယ်ရေးတွေက ကြိုတင်မိုင်းထောင်ပြီး ဆွဲကြတာ။ (--)တွေ အတော်အထိနာသွားတယ်။ အထိနာတာကလည်း သူတို့ထင်မှတ်မထားတဲ့ နေရာကနေ မိုင်းအဆွဲခံလိုက်ရတာလေ။ အဲလိုမိုင်းအဆွဲခံပြီး ပစ်လိုက်တဲ့ လက်နက်ကြီး၊ လက်နက်လေးတွေ ဆူညံနေတာပဲ။ အထိအခိုက်ကတော့ အတော်များမယ်ဗျ။ ကာကွယ်ရေးဘက်က ၃ ဦး လက်နက်ကြီးအပိုင်းအစ မှန်တာရှိတယ်။ ၂ ဦးကတော့ သိပ်တော့ မစိုးရိမ်ရဘူး။ တဦးကတော့ ဒဏ်ရာက နည်းနည်းများတယ်။ ကာကွယ်ရေးအဖွဲ့တွေ ဆေးရုံပို့ပေးနေကြပြီ” လို့ ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ လက်ရှိအချိန်မှာ ဆားလင်းကြီးမြို့နယ်အတွင်းက တရုတ်ဝမ်ပေါင်ဘက် ဆက်လက်ထွက်ခွာနေပြီး စစ်ကြောင်းဦးတည်ရာ လမ်းတလျှောက်က ဝါးတန်းရွာ၊ မင်္ဂလာကုန်းရွာ၊ တောင်ပလူရွာက ဒေသခံတွေ နေရပ်စွန့်ခွာ စစ်ကြောင်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။