တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိတဲ့ ပဝတ်ဖျားရွာနဲ့ ကျောင်းနိမ့်ရွာမှာ ပုလောအခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၈၅ တပ်ရင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတယောက် သေဆုံးကာ တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပဝတ်ဖျားရွာမှာ ဇွန် ၂၄ ရက် ညနေပိုင်းလောက်က အသက် ၇၀ နီးပါးအရွယ် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်တလုံး ပျက်စီးသွားပြီး ကျောင်းနိမ့်ရွာမှာတော့ ဇွန် ၂၅ ရက်က အသက် ၅၀ ဝန်းကျင်အရွယ် ကိုရဲဝင်းဟာ လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ကျောင်းနိမ့်ရွာမှာ စကစဘက်က လက်နက်ကြီးပစ်တာ၊ နေ့ရောညရောဆို ၁၃ လုံးလောက် ပစ်တယ်ဗျ။ တိုက်ပွဲမရှိဘဲ ပစ်တာပါ။ လက်နက်ကြီးထိမှန်ပြီး ပြည်သူတဦး သေသွားတယ်” လို့ ပြောပါတယ်။
ရွာသားတဦးက “ကျောင်းနိမ့်ရွာမှာ ရွာသားတဝက်လောက်က စစ်ရှောင်နေကြပြီး တိုက်ပွဲလည်း မဖြစ်၊ လက်နက်ကြီးလည်း မပစ်ဘူးဆိုရင် သူတို့အိမ်ကို သူတို့လာပြီး သန့်ရှင်းရေးနဲ့ အိမ်မှုကိစ္စတွေ လာလုပ်ကြတယ်” လို့ ရွာရဲ့အခြေအနေကို ပြောပါတယ်။
ဇွန်လအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ပုလောမြို့နယ်၊ မင်းထိန်ရွာက အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး လက်နက်ကြီးထိမှန် သေဆုံးကာ အဆိုပါအမျိုးသမီးရဲ့ အမေဖြစ်သူလည်း နှလုံးရပ်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။