မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာ ငွေကျပ် ၁၄ ဒသမ ၁၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)၊ ကက်တမင်းနဲ့ ဘိန်းဖြူတွေကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာငွေကျပ်သိန်း ၁၀၀၀၊ ရွှေ ၂ ပိဿာခွဲနဲ့ မော်တော်ယာဉ် ၄ စီး သိမ်းဆည်းရမိတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးထိန်းချုပ်ရေး ဗဟိုကော်မတီ မြန်မာနိုင်ငံမူးယစ်ဆေးထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC )က ဇွန် ၂၅ မှာ ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ မူးယစ်ဆေးဝါးတွေသယ်ဆောင်မယ်လို့ သတင်းအရ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇွန်လ ၈ ရက် ညနေ ၄ နာရီခွဲလောက်မှာ ပြင်ဦးလွင်မြို့နယ်၊ မြို့ပတ်လမ်း၊ ထင်းရှူးတောအနီး ကင်တာ ၆ ဘီး ကားကို ရှာဖွေခဲ့ရာ ယာဉ်မောင်း စိုင်းဆိုင်မိုင်း ယာဉ်နောက်လိုက် စိုင်းရှင်းသန့်ဇင် တို့နဲ့အတူ ယာဉ်ပေါ်ကနေ အိုက်စ်၇၀၅ ကီလို၊ ကက်တမင်း ၁ ကီလိုနဲ့ မူးယစ်ဆေးဝါး ဘိန်းဖြူ ၇၀၀ ဂရမ်တို့ တွေ့ရှိ သိမ်းဆည်းရမိခဲ့တာလို့ဆိုပါတယ်။
ဖမ်းမိမူးယစ်ဆေးဝါးတွေကို ကရင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင်ဖို့ ရောက်လာတဲ့ ရဲနောင်၊ နေလင်းထိုက်နဲ့ လန်ဒိုမုန်တို့ သုံးယောက်ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။
ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်အရ ဇွန်လ ၁၀ ရက်နေ့လယ်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ Garden City အိမ်ရာဝင်းမှာ မူးယစ်ဆေးသယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်သူတွေဖြစ်တဲ့ ဝင်းကျော်သူ၊ အောင်ဇော်မျိုးတို့ကို ဖမ်းမိသလို စိုင်းဖ(ခ)အောင်မင်းခန့်ရဲ့ နေအိမ်ကနေ မြန်မာငွေကျပ်သိန်း ၁၀၀၀၊ ရွှေ ၂ ဒသမ ၅ ပိဿာ၊ မော်တော်ယာဉ် ၃ စီး ထပ်မံသိမ်းဆည်းရမိခဲ့တာလို့ CCDAC MYANMAR က သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိသူတွေကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး သိမ်းဆည်းရမိတဲ့ ရွှေ၊ ငွေ၊ ယာဉ်၊ နေအိမ်တိုက်ခန်းနဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
PHOTO- CCDAC