စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မိုခါမုန်တိုင်းအရှိန်ကြောင့် ကောက်ပဲသီးနှံတွေ ပျက်စီးမှုကြုံခဲ့ရတဲ့ တောင်သူတွေနဲ့ မီးဘေးသင့်တောင်သူ စုစုပေါင်း အိမ်ထောင်စု ၁၆၇ စုအတွက် S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဒုတိယအကြိမ်မြောက်အဖြစ် ဇွန် ၂၅ ရက်မှာ မြေဆီအိတ်တွေ လှူဒါန်းခဲ့ပါတယ်။
S&C အဖွဲ့ တာဝန်ရှိသူက “ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်က နိုင်ငံတော်အတိုင်ပင်ခံ မွေးနေ့အလှူအဖြစ် မြေဆီအိတ် ၁၂၀ ကူညီလှူဒါန်းခဲ့ပြီး မနေ့က ၁၆၇ အိတ် စုစုပေါင်း ၂၈၇ အိတ် ကူညီထောက်ပံ့ခဲ့တယ်။ စစ်ကိုင်းတိုင်းထဲက ရွာပေါင်း ၇ ရွာအတွက် မြေဆီအိတ်ပေါင်း ၁,၀၀၀ လှူဒါန်းဖို့ ရည်ရွယ်ထားတယ်” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း အညာဒေသရှိ တောင်သူတွေအတွက် မြေဆီအိတ် ၁,၀၀၀ အထိ ကူညီပေးအပ်နိုင်ဖို့ ရည်ရွယ်ထားတာကြောင့် ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ ပါဝင်ကူညီပေးနိုင်ကြောင်း တိုက်တွန်းထားပါတယ်။
S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က စစ်ကိုင်းတိုင်းအတွင်းမှာ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု အပါအဝင် စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခံရတဲ့ ပြည်သူလူထုနေအိမ်တွေ ပြန်လည်တည်ဆောက်ပေးတာ၊ စာသင်ကျောင်းတွေ ပြန်လည်တည်ဆောက်ပေးတာ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့တာတွေကို ဦးဆောင်ကူညီနေတာ ဖြစ်ပါတယ်။