မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြတဲ့ တပ်ရင်းတပ်ဖွဲ့တွေအတွက် “ဆယ်လ်မွန်ငါးတို့အပြန် ရိုးမခေါ်သံ” အမည်နဲ့ ကမ်ပိန်းတခု ပြုလုပ်နေတာမှာ ကမ်ပိန်းအစ ပထမနေ့မှာတင် အမေရိကန်ဒေါ်လာ ၂၀၀၀၀ ရရှိထားတယ်လို့ ကမ်ပိန်းလုပ်နေသူတွေက ကြေညာထားပါတယ်။
ဒီကမ်ပိန်းကိုတော့ နွေဦးတော်လှန်ရေးမှာ စစ်ရေးမဟာဗျူဟာအတွက် အရေးပါလှတဲ့ ပဲခူးရိုးမနဲ့ စစ်တောင်းမြစ်ဝှမ်းဒေသကို နယ်မြေစိုးမိုးမှုရရှိစေဖို့အတွက် ရေးဆွဲထားတဲ့ ဆယ်လ်မွန်စစ်ဆင်ရေးက ဦးဆောင်နေတာဖြစ်ပြီးတော့ အမေရိကန်ဒေါ်လာ ၃ သိန်းထိ ရရှိနိုင်ဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။
ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ ဒေသတွေက တော်လှန်ရေးရဲဘော်တွေ အိမ်ပြန်ကြဖို့ ဆယ်လ်မွန်စစ်ဆင်ရေးအတွက် လိုအပ်တဲ့ ဘတ်ဂျက် ကို ရရှိနိုင်ရေးအတွက် “ရိုးမခေါ်သံ” ကမ်ပိန်း ကိုတော့ ဇွန် ၂၅ ရက်ကနေ လာမယ့် ဇူလိုင် ၁၆ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီးတော့ ပါဝင်ထောက်ပို့လိုသူတွေအနေနဲ့ သက်ဆိုင်ရာ နိုင်ငံတွေအလိုက် ငွေကြေးတွေနဲ့ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
အခုဇွန်လ အစောပိုင်းမှာ ဖြစ်သွားခဲ့တဲ့ နတ်သံကွင်း တိုက်ပွဲကို ကြည့်မယ်ဆိုရင် ဒီဒေသတွေဟာ စစ်တပ်အတွက် KNLA နယ်မြေဘက်ကို လူ၊ လက်နက်၊ ရိက္ခာ ဖြည့်တင်းရတဲ့ အရေးပါတဲ့ ထောက်ပို့လမ်းကြောင်းဒေသတွေ ဖြစ်နေပြီးတော့ နတ်သံကွင်းတိုက်ပွဲကို ဆင်နွှဲခဲ့တဲ့ ဆယ်လ်မွန်စစ်ဆင်ရေးဟာ အခုဆိုရင် အရှိန်မြှင့်တင်ဖို့အတွက် လက်နက်ခဲယမ်းတွေ ဖြည့်တင်းဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရား အကြမ်းဖက်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ခွဲနီးပါးအထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။
ခုခံတော်လှန်စစ်ပွဲ ဆင်နွှဲနေကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအပြင် မြို့ပြပြောက်ကျားရဲဘော်တွေအတွက်လည်း ရန်ပုံငွေလိုအပ်ချက်တွေ မြင့်မားနေတာမို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်သူတရပ်လုံးက စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်နိုင်ဖို့ အဘက်ဘက်က ရန်ပုံငွေရှာဖွေ ထောက်ပံ့မှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။