ရာသီဥတု ပြောင်းလဲမှုနဲ့ စိတ်ဖိစီးမှုရောဂါများ
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာတဝန်း သဘာဝဘေးဆိုးကြီးတွေ တိုးပွား များပြားလာနေပါတယ်။ သဘာဝဘေးဆိုးကြီးတွေက လူတွေရဲ့ အသက်ရှင်ရပ်တည်မှုအပေါ် ခြိမ်းခြောက်နေတာကြောင့် ကမ္ဘာမြေမှတပါး တခြားနေစရာမရှိတဲ့ လူသားတွေအတွက် အကြီးအကျယ် စိုးရိမ်သောက ဖြစ်လာရပါတယ်။ စူပါမုန်တိုင်းကြီးတွေ၊ မကြုံစဘူး မိုးခေါင် ရေကြီးတာတွေ၊ အပူလှိုင်းနဲ့ တောမီးလောင်ကျွမ်းမှုတွေ ဒီလိုသဘာဝဘေးဆိုးတွေဟာ လူတွေရဲ့ စိတ်ကျန်းမာရေးကို ဆိုးရွားပျက်ယွင်းစေပါတယ်။ ရာသီဥတုနဲ့ပတ်သက်ပြီး စိုးရိမ်သောက ရောက်တဲ့ စိတ်ဝေဒနာ၊ သာယာတဲ့ သဘာဝပတ်ဝန်းကျင်ကို လွမ်းဆွတ် တမ်းတတဲ့ စိတ်ဝေဒနာ၊ ဂေဟစနစ် ပျက်ယွင်းမှုအပေါ် နာကြည်းခံစားရတဲ့ စိတ်ဝေဒနာ စတဲ့ စိတ်ဝေဒနာ အသစ်အဆန်းတွေ ပေါ်လာပါတယ်။ ဒီကမ္ဘာကြီးပေါ်မှာ နေထိုင်ရတာကို စိတ်မချတော့ဘဲ ထိတ်လန့်စိုးရိမ်လာကြပါတယ်။ ကမ္ဘာမြေကြီးဟာ လူသားတွေကို ပြစ်ဒဏ်ခတ်နေပြီလားလို့ သံသယဝင်လာကြပါတယ်။ လူတိုင်းနီးပါးမှာ ဒီလိုစိုးရိမ်စိတ်တွေ ရှိလာနေတဲ့အတွက် အရေးတကြီး ဖြေရှင်းရမယ့်အဆင့်ကို ရောက်နေပြီလို့ ပညာရှင်တွေက သတိပေးနေပါတယ်။
လူသားတွေရဲ့ စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေးကို အကြီးအကျယ် ခြိမ်းခြောက်နေတဲ့ အရာတခုကတော့ လေထုညစ်ညမ်းမှုပဲ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ ၉၀ ရာခိုင်နှုန်းဟာ ညစ်ညမ်းနေတဲ့လေကို ရှူရှိုက်နေရတယ်လို့ WHO က ခန့်မှန်းပါတယ်။ လေထုညစ်ညမ်းမှုကြောင့် တနှစ်ကို လူ ၇ သန်း သေဆုံးရတယ်လို့လည်း ဆိုပါတယ်။ လေထုညစ်ညမ်းမှုဟာ အသက်ရှူလမ်းကြောင်းရောဂါ၊ အဆုတ်ရောဂါ၊ နှလုံးရောဂါလို ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေကို ဖြစ်ပေါ်စေသလို စိတ်ပိုင်းဆိုင်ရာ ရောဂါတွေကိုလည်း ဖြစ်စေတယ်လို့ ဆိုပါတယ်။
လေထုညစ်ညမ်းမှုဟာ လူ့ဦးနှောက်ကို ထိခိုက်ပျက်စီးစေပါတယ်။ မှတ်ဉာဏ်ချို့ယွင်းတာလည်း ပိုမိုများပြားလာပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေရဲ့ ဦးနှောက်ကို ထိခိုက်စေပါတယ်။ ဉာဏ်ရည်ဉာဏ်သွေး လျော့ပါးမှု၊ အာရုံထွေပြားပြီး ဂနာမငြိမ်မှု၊ အမှားအမှန် ဝေခွဲဆုံးဖြတ်နိုင်စွမ်း နည်းပါးမှု၊ အပြုအမူလွဲချော်မှု စတဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကို ပိုမိုဆိုးရွားစေတာ တွေ့နေရပါတယ်။ ဒါကြောင့် တရုတ်ပြည်လို လေထုညစ်ညမ်းမှု များပြားတဲ့နိုင်ငံမှာ ဒီပြဿနာကို အလျှင်အမြန် ဖြေရှင်းဖို့လိုတဲ့အကြောင်း ပညာရှင်တွေက ထောက်ပြနေပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း အဖြစ်များလာတဲ့ အပူလှိုင်းရိုက်ခတ်မှုကြောင့်လည်း စိတ်ရောဂါတွေ ပိုဖြစ်လာသလို စိတ်ရောဂါအခံရှိသူတွေမှာ ဝေဒနာ ပိုပြင်းထန်လာတာကို တွေ့ရတဲ့အကြောင်း စိတ်ပညာရှင်တွေက ထောက်ပြပါတယ်။ အပူလှိုင်းရိုက်ခတ်ချိန်မှာ စိတ်ရောဂါဆေးရုံတွေရဲ့ အရေးပေါ်ဌာနကိုလည်း ပုံမှန်ထက်ပိုပြီး လူနာတွေ ရောက်လာတယ်လို့ ဆိုကြပါတယ်။ အိပ်မပျော်တဲ့ ဝေဒနာနဲ့အတူ စိတ်ကြွတာတွေ၊ စိတ်ကျတာတွေ၊ စိတ်မူမမှန်တဲ့ ပြုမူပြောဆိုမှုတွေလည်း ပိုများလာပါတယ်။ ဒီအထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေနှုန်းလည်း ပိုမြင့်လာတာ တွေ့ရပါတယ်။
ဒေသတခုမှာ အပူလှိုင်းရိုက်ခတ်မှုကြောင့် ပုံမှန်ဖြစ်နေကျ အပူချိန်ထက် ၁ ဒီဂရီစင်တီဂရိတ် တိုးမြင့်လာရင် ကိုယ့်ကိုယ်ကိုယ်သတ်သေနှုန်းကလည်း ပုံမှန်ထက် ၁ ရာခိုင်နှုန်း တိုးမြင့်လာတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ မက္ကဆီကိုနိုင်ငံမှာဆိုရင် ၂ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ဆိုပါတယ်။ အမုန်းစကားတွေကို ပြောဆိုပြီး ခိုက်ရန်ဖြစ်ပွားတာတွေ အကြမ်းဖက်မှုတွေလည်း ပိုဖြစ်လာပါတယ်။
ကမ္ဘာကြီးပူနွေးမှုရဲ့ အကျိုးဆက်တခုကတော့ တောမီးလောင်တာတွေ ပိုမိုများပြားလာတာပဲ ဖြစ်ပါတယ်။ ကမ္ဘာတခုလုံးမှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၂၁ အထိ နှစ်စဉ် ပျမ်းမျှအားဖြင့် တောမီးလောင်မှုပေါင်း ၆ သောင်းကျော် ဖြစ်ပွားပါတယ်။ ပျမ်းမျှအားဖြင့် တနှစ်မှာ သစ်တောဧကပေါင်း ၇ ဒသမ ၂ သန်း လောင်ကျွမ်းတတ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်မှာတော့ တောမီးလောင်မှုဟာ အကြိမ်ပေါင်း ၇ သောင်းနီးပါးအထိ တိုးသွားခဲ့သလို မီးလောင်တဲ့ ဧက ကလည်း ၇ ဒသမ ၈ သန်းအထိ တက်သွားပါတယ်။ စံချိန်တင်တဲ့ တောမီးတွေကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ် ပျက်စီးသလို တောတိရစ္ဆာန်တွေလည်း သေကျေကြပါတယ်။
တောမီးလောင်တာရဲ့ အဆိုးဆုံးအကျိုးဆက်ကတော့ အဆိပ်မီးခိုးငွေ့များ ဖြစ်ပါတယ်။ ဒီမီးခိုးငွေ့တွေက ကမ္ဘာ့လေထုထဲကို အလုံးအရင်းဝင်ရောက်ပြီး လေထုညစ်ညမ်းမှုကို ဖြစ်စေသလို ကမ္ဘာ့ပူနွေးမှုကိုလည်း ပိုဆိုးရွားစေပါတယ်။ တောမီးလောင်တဲ့နေရာအနီးက လူတွေမှာ သေဘေးနဲ့ ရင်ဆိုင်ခဲ့ရသူတွေရဲ့ စိတ်ဝေဒနာမျိုးကို ခံစားကြရပါတယ်။ စိတ်ထိခိုက်မှုတွေဟာ တောမီးလောင်ကျွမ်းမှုဖြစ်တဲ့အချိန်ကနေ နှစ်ပေါင်းများစွာ ကြာတဲ့အထိ မပြေပျောက်ဘဲ စွဲကပ်နေတတ်ပါတယ်။ အိပ်မက်ဆိုးတွေ မက်တာမျိုးကနေ စိတ်ကျရောဂါ ဖြစ်တာမျိုးအထိ ခံစားကြရတာပါ။ သာယာတဲ့ သဘာဝပတ်ဝန်းကျင်ကို လွမ်းဆွတ်တမ်းတတဲ့ စိတ်ဝေဒနာမျိုး ခံစားနေရပြီး ငေးမှိုင်တွေဝေနေတတ်ပါတယ်။ ဒီစိတ်ရောဂါကို ဆေးကုသမှုပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ ကုသမှုမခံယူရင် စိတ်ကျရောဂါဖြစ်ပြီး အဲဒီကတဆင့် ကိုယ့်ကိုယ်ကိုယ် သတ်သေတာအထိ ဖြစ်တတ်လို့ပါပဲ။
စူပါမုန်တိုင်းတွေ၊ ရေကြီးမိုးခေါင်တာတွေကြောင့် ကိုယ့်ရပ်ရွာ ကိုယ့်အိုးအိမ်ကို ဆုံးရှုံးကြရတဲ့ လူတွေမှာ စိတ်ထိခိုက်မှုကို ပြင်းပြင်းထန်ထန် ခံစားရပြီး စိတ်ရောဂါတွေ ရတတ်ပါတယ်။ ချောက်အိပ်မက်တွေမက်ပြီး အမြဲထိတ်လန့်နေတဲ့ အဲဒီလို စိတ်ရောဂါမျိုးဟာ စိတ်ဆရာဝန်တွေလို တတ်ကျွမ်းသူတွေရဲ့ ကုသပေးမှုကို စနစ်တကျခံယူဖို့ လိုပါတယ်။ ဒီလို စိတ်ဝေဒနာမျိုးကို သဘာဝဘေးဆိုးတွေကြောင့် အသက်အိုးအိမ် အကြီးအကျယ် ဆုံးရှုံးရတဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရသူတွေဟာ အနည်းနဲ့အများ ခံစားရတတ်ပါတယ်။
၂၀၁၉ ခုနှစ် စစ်တမ်းအရ ကမ္ဘာတဝန်းလုံးမှာ စိတ်ဝေဒနာတမျိုးမျိုးကို ခံစားနေရသူ စုစုပေါင်းက သန်းပေါင်း ၉၇၀ ရှိခဲ့ပါတယ်။ သန်း ၃၀၀ ကျော်က စိုးရိမ်ပူပန်မှုလွန်ကဲတဲ့ စိတ်ရောဂါရှင်တွေဖြစ်ပြီး ဒီအထဲမှာ ကလေးသူငယ်နဲ့ ဆယ်ကျော်သက်အရွယ်တွေက ၅၈ သန်း ပါဝင်ပါတယ်။ သန်းပေါင်း ၂၈၀ က စိတ်ကျရောဂါ ခံစားနေရပြီး ဒီအထဲမှာ ကလေးသူငယ်နဲ့ ဆယ်ကျော်သက်တွေက ၂၃ သန်း ပါဝင်ပါတယ်။ စိတ်အတက်အကျမြန်တဲ့ ဝေဒနာရှင် အရေအတွက်ကလည်း သန်းပေါင်း ၄၀ အထိ ရှိနေခဲ့ပါတယ်။ ဒီအရေအတွက်ဟာ ၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်တဲ့ နောက်ပိုင်းမှာ ၂၀ ရာခိုင်နှုန်းအထိ တိုးခဲ့တယ်လို့ ဆိုပါတယ်။
သဘာဝဘေးဆိုးကြီးတခု ဖြစ်ပွားရင် အဲဒီဘေးဆိုးကြီးနဲ့ ရင်ဆိုင်ရသူတွေထဲက လူကြီး ၅၄ ရာခိုင်နှုန်းနဲ့ ကလေးသူငယ် ၄၅ ရာခိုင်နှုန်းဟာ စိတ်ကျဝေဒနာ ခံစားရကြောင်း တွေ့ရှိရပါတယ်။ ဒီလို စိတ်ဝေဒနာတွေကို ရာသီဥတုပြောင်းလဲမှုက ပိုပြီးဆိုးရွားစေတာ ဖြစ်တဲ့အတွက် ကမ္ဘာ့ပူနွေးမှုကို အလျင်အမြန်လျှော့ချဖို့ လိုအပ်တဲ့အကြောင်း သတိပေးနေပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသားများ သဘာဝဘေးဆိုးတွေက လွတ်ကင်းနိုင်ကြပါစေ။ ။