ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းအတွင်းရှိ တူးဖော်ထားတဲ့ ကန်တခုအတွင်း ဇွန် ၂၄ ရက် ညနေက အမျိုးသား ၃ ဦး ရေဆင်းကူးရာမှ ၁ ဦးရေနစ်သေဆုံးသွားပြီး ဇွန် ၂၅ ရက်နေ့မှာ ရုပ်အလောင်းရှာတွေ့ခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
အဲ့ဒီညနေ ၄ နာရီလောက်က သေဆုံးသူနဲ့ သူငယ်ချင်း ၂ ယောက်ဟာ ဇေကမ္ဘာဝန်းအတွင်းက မြေကြီးတူးဖော်ထားတဲ့ ပေ ၈၀ ခန့်ရှိတဲ့ ကန်တခုမှာ ရေဆင်းကူးရင်း ပျောက်ဆုံးသွားတာပါ။
ပုလဲအရန်မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတဦးက “မနေ့က ညနေ ၄ နာရီလောက်မှာ ရေနစ်ပျောက်ဆုံးတာပေါ့၊ မြေကြီးတွေ တူးထားတဲ့ကန် ဇေကမ္ဘာဝန်းမှာ။ သူငယ်ချင်း ၃ ယောက်ပေါ့ ရေကူးတဲ့အချိန်မှာ အဲ့ကောင်လေးက ပျောက်သွားတယ်၊ သူတို့ အကူအညီတောင်းတော့ ၅ နာရီ မထိုးခင်က ရောက်တယ်၊ ဒီနေ့ခင်း ၁၂: ၅၀ မှာမှ ရှာတွေ့တယ် ” လို့ ပြောပါတယ်။
သေဆုံးသူဟာ အသက် ၁၈ နှစ်အရွယ်ရှိ ကိုသန်းထွန်းအောင်ဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်က သွပ်ပြားစက်ရုံတခုရဲ့ ဝန်ထမ်းဖြစ်ကာ မင်္ဂလာဒုံ၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်မှာ နေထိုင်သူလို့ သိရပါတယ်။
ရေထဲနစ်မြုပ်သွားလို့ နီးစပ်သူတွေက ဖုန်းဆက်အကူအညီတောင်းတာကြောင့် ပုလဲအရန်မီးသတ် တပ်ဖွဲ့က ညနေ ၅ နာရီလောက်မှာ သွားရောက်ဆယ်ယူခဲ့ပေမဲ့ မိုးသည်းထန်စွာရွာနေတာကြောင့် မတွေ့ရှိဘဲ ဇွန် ၂၅ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၅၀ လောက်မှ ရုပ်အလောင်းဆယ်ယူနိုင်ခဲ့ပါတယ်။
သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိပြီဖြစ်ပြီး ရုပ်အလောင်းကို မြောက်ဥက္ကလာပ မေဓာဝီဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၂၄ ရက်နေ့မှာပဲ ပဲခူးမြို့၊ ဆိုရှယ်လစ်ရပ်ကွက်၊ ကျုံးရေပြင်မှာ ရေဆင်းကူးတဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။