ရန်ကုန်တိုင်း၊ လှည်းကူမြို့နယ်ထဲက မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ရေကြီးရေလျှံနေပေမဲ့ စက်ရုံ၊ အလုပ်ရုံနဲ့ အထည်ချုပ်ဝန်ထမ်းတွေကတော့ အလုပ်နားခွင့် မရှိတာကြောင့် လုပ်ငန်းခွင်ကိုပြန်ဝင်ရောက် လုပ်ကိုင်နေရတယ်လို့ စက်ရုံဝန်ထမ်းတွေ ဆီက သိရပါတယ်။
ဝန်ထမ်းတွေအနေနဲ့ အလုပ်ဆင်းချိန်ဟာ ည ၈ နာရီဝန်းကျင်ဖြစ်နေလို့ အိမ်အပြန် ရေထဲလမ်းလျှောက်နေရတဲ့အပေါ် အခက်အခဲတွေရှိတယ်လို့ ပြောပါတယ်။
စက်ရုံအလုပ်သမတယောက်က “၈ ရက်နေ့တည်းက ရေကြီးနေတာ ခုထိမကျသေးဘူး။ ဒီလောက်ဖြစ်နေတာကို စက်ရုံဘက်က နားလည်စေချင်တာပေါ့။ ခွင့်တိုင်လည်း ခွင့်မပေးဘူး။ အလုပ်ပျက်ရက်အတွက် လစာနုတ်မယ်ဆိုတော့ မလုပ်လို့ကလည်း မဖြစ်ဘူးလေ။ ဒီလိုအချိန်မှာ အလုပ်ဆင်းချိန်ကနောက်ကျတော့ ညီမတို့အတွက်ပိုပြီး ဒုက္ခရောက်တာပေါ့” လို့ ပြောပါတယ်။
လှည်းကူးမြို့နယ်ထဲမှာ ရေကြီးရေလျှံပြီး စက်ရုံအလုပ်သမားအများအစု ရေဘေးသင့် နေပေမယ့် စားဝတ်နေရေးအတွက် ရေထဲအလုပ်သွားနေရကြောင်းနဲ့ ညနေ ၅ နာရီထက်နောက်မကျဘဲ အလုပ်ဆင်းစေချင်တယ်လို့လည်း စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
လှည်းကူးမြို့နယ်မှာ အောက်တိုဘာ ၈ ရက်ကစပြီး မိုးသည်းသည်းထန်ထန် ရွာတာကြောင့် ရေကြီးရေလျှံနေပြီး ဒီနေ့မနက်အထိမှာလည်း မြို့ပေါ်ရပ်ကွက်တွေမှာ ခြေသလုံးလောက်၊ အောက်ပိုင်း အနိမ့်ရပ်ကွက်တွေမှာ ဒူးလောက်အထိ ရေရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လှည်းကူးမြို့နယ်ထဲမှာ အခြေခံအလုပ်သမားတွေနဲ့ စက်ရုံဝန်ထမ်းအများအစု နေထိုင်ကြပြီး စက်ရုံကုမ္ပဏီပေါင်း ၃၀ ဝန်းကျင်လောက်ရှိတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန DICA ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။