အိမ်ခေါင်မိုးပေါ်သို့ မိုးသီးမိုးပေါက်ကျသံများကား ' တဗြောင်းဗြောင်း ' ကို မည်လျက်ရှိ၏။ ခြံထဲကသစ်ပင်တွေကို လေတိုးသံများကလည်း ' တရွှီးရွှီး ' ကို ဖြစ်ပါ၏။ မိုးကောလေကော နှစ်ပါးဆိုင်ကာ အပြိုင်ထန်လျက်ရှိပါလေတော့၏။
သည်လို လေသံ မိုးသံတွေ ညံစည်လျက်ရှိနေချိန်မှာ ဖေကြီးတို့၏ ရေနွေးကြမ်းဝိုင်းမှာ ထူးထူးခြားခြား တိတ်ဆိတ်လျက်။ အဘစောမူးသာရယ် အဘလုံးတုံးရယ် လေရှီးကဖေကြီးရယ် လက်ထဲမှာ စာအုပ်ကိုယ်စီနှင့် ဖြစ်ပါလေ၏။
ထူးခြားသည်ကား သုံးဦးစလုံးလက်ထဲမှာ ဆရာညီပုလေး၏ စာအုပ်တွေချည်းသာဖြစ် နေတာ ဖြစ်ပါလေ၏။ 'မြေးသူကြီး'ရယ်၊ 'လမင်းရဲ့ ချိုသာတဲ့လက်ခုပ်သံ'ရယ် ၊ 'ထက်မြက်သော ဓားသွားပေါ်က ချိုမြမြပျားရည်စက်' ရယ်။ အဘစောမူးသာရဲ့ စာအုပ်ဘီရိုထဲက ပြန်ထုတ်ထားကြတာ။
" သိပ်ကို နှမျောဖို့ကောင်းလိုက်တာကွာ "
" အမှန်ပဲ မူးသာ . . . တိုင်းပြည်အတွက် အဖိုးတန်တဲ့လူတစ်ယောက် နိုင်ငံက ချစ် တဲ့လူတစ်ယောက် အခုလို တိမ်းပါးခဲ့ပြန်တော့ ဆရာတင်မိုးရဲ့ကဗျာကိုသာ သွားသွားပြီး အမှတ်ရမိတယ်ကွာ"
" ချစ်သောသူတို့သက်တမ်းကားတိုတောင်းလှ၏။
မုန်းသောသူတို့သက်တမ်းကား
ရှည်လွန်းလှ၏ "
အဘနှစ်ဦးကိုကြည့်ကာ သူတို့လိုပဲ နှမျောတသ ကြေကွဲမိတာတော့ အမှန်ပါ။ ဆရာ ညီပုလေးကွယ်လွန်အနိစ္စရောက်သွားသည့်သတင်းတွေကို အွန်လိုင်းပေါ်မှာ မြင်လိုက်ကြရတဲ့အခါ အားလုံးပဲ စိတ်မကောင်းဖြစ်ကာ နှမျောတသဖြစ်ခဲ့ကြပါလေ၏ ခင်ဗျာ။
"လူကောင်းတစ်ယောက်၊ လူတော်တစ်ယောက်၊ လူယဉ်ကျေးတစ်ယောက်၊ တိုင်းပြည်က အားထားရတဲ့လူတစ်ယောက်၊ နိုင်ငံ့ကောင်းကျိုးအတွက် တစ်သက်တာလုံးအစွမ်းရှိသလောက် အားစိုက်အင်စိုက် လုပ်ပေးသွားတဲ့ လူတစ်ယောက် "
" အေးကွာ . . . "
စာဖတ်နာသူတွေဖြစ်သည့် အဘစောမူးသာနှင့် အဘလုံးတုံးတို့ကား ဆရာညီပုလေးနှင့်ပတ်သက်ပြီး ဆက်လက်၍ စကားကောင်းနေကြပါ၏။ ဆရာညီပုလေးသာမက သူတို့၏မျိးရိုးစဉ်ဆက် နိုင်ငံ့အတွက် ပြည်သူလူထုအတွက် ' အလုပ် ' တွေ မည်မျှလုပ်ခဲ့ကြောင်း၊ အစိုးရအဆက်ဆက် အညှိုးထား စောင့်ကြည့်ကာ မကြာခဏ ဖမ်းဆီး၍ ထောင်သွင်းအကျဉ်းချခံခဲ့ရ သော စာပေမိသားစုလည်းဖြစ်ခဲ့ကြောင်း ပြန်ပြောင်း လွမ်းဆွတ်နေကြပါလေ၏။
" မင်းကြည့်ကွာ . . . တကယ့် မျိုးရိုးကွ။ အဖေက လူထုဦးလှ၊ အမေက လူထုဒေါ် အမာ "
" အေးကွ . . . ခေတ်အဆက်ဆက် လူထုဘက်ကနေ မားမားမတ်မတ် ရပ်ခဲ့ကြတဲ့ လူသူတော်ကောင်းတွေ စာသူတော်ကောင်းတွေပေါ့ "
" ဦးနေဝင်းကအစ ဦးစောမောင်၊ ဦးသန်းရွှေတို့အလယ် ကြင်စိုး သာ၀ မအလ တို့လို အာဏာရှင် အာဏာရူး အာဏာမူး စစ်အစိုးရအဆက်ဆက် စောင့်ကြည့်ထိတ်လန့်ခဲ့ရတဲ့သူတွေပေါ့ "
အဘတို့၏စကားများကို စိတ်ဝင်စားစွာ နားထောင်နေဖြစ်ပါ၏။ အမည်ရင်းမှာ ငြိမ်းချမ်း (ခေါ်) ဘိုညို ဖြစ်ကြောင်း၊ မွေးချင်းများထဲမှာ ပဉ္စမမြောက်လည်းဖြစ် အငယ်ဆုံးလည်းဖြစ်၍ ချစ်စရာကောင်းလှသည့် ' ညီပုလေး ' ဟူသောကလောင်အမည်ကို ယူခဲ့ကြောင်းပါတဲ့။
" မန္တလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကနေ ဘူမိဗေဒ ဘာသာရပ်နဲ့ ဘွဲ့ယူခဲ့ပြီး ၁၉၇၅ ကနေ ၁၉၇၇ ခုနှစ်အတွင်းမှာ မန္တလေးတိုင်း တိုင်းပဏာမလက်ရွေးစင်ဘောလုံးသမားလည်း ဖြစ်ခဲ့တယ် "
" အေးကွ . . . ဘောလုံးလည်း အကန်ကောင်း၊ စာလည်းအရေးကောင်းတဲ့အပြင် ဓာတ်ပုံမှာလည်း ဆရာတစ်ဆူကွ၊ ပန်းချီလည်းရေးတော့လည်း တကယ့်ကို နိပ်တဲ့ဆရာပေါ့ "
" အင်း . . . "
တောတွင်း ဗကပသို့ ရောက်ရှိနေသော အစ်ကို ဖြစ်သူ ဖိုးသံချောင်းနဲ့ ၁၉၇၈ ခုနှစ်၊ ဩဂုတ်
အတွင်း စာအဆက်အသွယ်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖခင်လူထုဦးလှ၊ မိခင်လူထု ဒေါ်အမာတို့နဲ့အတူ ထိန်းသိမ်းခံရပြီး မန္တလေးထောင်ထဲ ရောက်ခဲ့သူတဲ့ ။
" ၈၈ နောက်ပိုင်း နဝတခေတ်မှာလည်း ဆရာညီပုလေးကို စစ်အစိုးရက ထပ်ထိန်းသိမ်းပြီးတော့ သရက်ထောင်ကို ပို့ခဲ့သေးတယ်ကွ "
“စစ်အာဏာရှင်တွေရဲ့ ယုတ်ပတ်ပုံကတော့အဲဒါပဲကွ၊ မန္တလေးကလူကို မန္တလေးထောင်မှာမထားပဲ အဝေးကြီး ပို့ပစ်တယ်။ မိသားစုတွေ ထောင်ဝင်စာတွေ့ဖို့ အခက်အခဲဖြစ်အောင် တမင် ညစ်ခဲ့တဲ့ကောင်တွေကွ "
ဆရာညီပုလေးအကြောင်းကိုပြောနေကြရင်းကနေ ဖေကြီးကို လှမ်းမေးပါ၏။ အဲသည် ' ညီပုလေး ' ဆိုတာကို သိတယ်နော်တဲ့။ ဖေကြီးတို့ငယ်ငယ်က မိဘတွေ ပြောတဲ့ ပုံပြင်တွေ တေးကဗျာတွေကို စွဲမှတ်ခဲ့ပါကြောင်း ' ညီပုလေး ' ကို သိပါ ကြောင်း ပြန်ဖြေဖြစ်ပါလေ၏။
" အေးကွ ဖေကြီးရ . . . ငယ်ငယ်က မိဘတွေက ငါတို့ကို လက်ဖဝါးထောင်ခိုင်းပြီးရင် လက်ချောင်းကလေးတွေကို တစ်ချောင်းချင်း တစ်ချောင်းချင်း ထောက်ထောက်ပြီး သူတို့ရဲ့နာမည်ကလေးတွေကို ပြောပြောပြတယ်မဟုတ်လား "
" ' လက်မ၊ လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်နဲ့ လက်သန်း ' ဆိုပြီးပေါ့ "
" ' ဒေါက်တို၊ ရန်လို၊ သူ့ထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး ' ဆိုပြီးပေါ့ "
" အေးကွ . . . "
" ဟားဟား ဟားဟား ဟားဟား . . . . "
စကားကောင်းနေရင်းကနေ အဘစောမူးသာ ရုတ်တရက်ကြီး ထ ရယ်ချပါလေ၏။ စစ်ပြန်ကြီး အဘလုံးတုံးက ဖေကြီးကိုကြည့်ကာ အနောက်တိုင်းဇာတ်ကားတွေထဲက ဇာတ်လိုက်တစ်ဦးလို လက်ဖဝါးနှစ်ဘက်ကို အပြင်သို့ဖြန့်ပြီး တံတောင်ဆစ်မှ ကွေးကာမြှောက်၍ ပခုံးနှစ်ဘက်ကို အပေါ် သို့မြှင့်လျက် လည်ပင်းကိုပုဝင်ကာ မျက်ခုံးကို မြှင့်ပြပါလေ၏။
အဘစောမူးသာကား တဟားဟား ရယ်နေရာမှ လက်ကာပြပါ၏။ ' ငါပြောပြမယ် ငါပြောပြမယ် ' ဟု အချက်ပြသလိုပါ။ ရယ်လို့အားရပြီဆိုမှ သူရယ်ရခြင်းအတွေးကို ရှင်းပြတော်မူပါလေ၏။
" မင်းတို့က ' ဒေါက်တို၊ ရန်လို၊ သူ့ထက်
ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး ' ဆိုတော့ ငါကတိုင်းပြည်ကိုဒုက္ခပေးပြီး ချောက်ထဲဆွဲချခဲ့တဲ့
ကြင်စိုး သာ၀ မအလကို ပြေးပြီးမြင်တာ "
" ဟေ . . . ဘယ်လို ပြေးမြင်တာလဲဟ "
" ဒီကောင်က ခွေးပစ်တဲ့တုတ်သာသာ ' လေးပေရှစ်' လေကွာ၊ ဒီတော့ ' ဒေါက်တို ' ပေါ့ဟ"
" အဲဒါနဲ့ . . . "
" တန်ဖိုးရှိတဲ့ ' ညီပုလေး ' အစား တန်ဖိုးမရှိတဲ့ ' ဒေါက်တို ' ကို ဂန့်စေချင်ကြတာ "
" အင်း . . . ဟင်း ဟင်း ဟင်း "
" ကြင်စိုးက ' ဒေါက်တို ' ဖြစ်ရုံသာမကပဲ တိုင်းပြည်ကို ' ရန်လို ' ပြီး ' သူ့ထက်ကဲ ' ကာ ' ရွှေပြည်စိုး ' ဖို့ ယုတ်မာခဲ့တဲ့ကောင်မို့ အမြန်ဆုံး ဒရုန်းစာမိပြီး မာလကီးယားစေချင်တာဗျား "
" ဟားဟား ဟားဟား ဟားဟား . . . . "
ဖေကြီး (လေရှီး)