ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ ဇွန် ၂၄ ရက် နေ့လယ်က ဧရာဝတီမြစ် ဘောတံတားအနီးမှာ ကန်တော့ပွဲ ရေမျှောရာက အမျိုးသားတယောက် ရေနစ်သေဆုံးသွားတယ်လို့ မြို့ခံပရဟိတ အသင်းထံက သိရပါတယ်။
မြို့နယ် မီးသတ်ဌာနကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက "ပတ်ဝန်းကျင်က မြင်လိုက်လို့ ရုံးကို ဆက်သွယ်တာပါ။ တံတားပေါ်က ခြေချော်ပြီး ပြုတ်ကျသွားတာဖြစ်မယ်။ အခုရက်က မိုးများပြီး ရေလည်း တက်နေတယ်။ အချိန် တနာရီကျော် ရှာလိုက်ရတယ်။ ကမ်းနားအပင်တွေနဲ့ညှိပြီး အလောင်းကို ပြန်ဆယ်ယူနိုင်ခဲ့တာပါ”လို့ ပြောပါတယ်။
ရေနစ် သေဆုံးသွားသူဟာ မြို့သစ်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၆၀ ဝန်းကျင်ရှိ အမျိုးသား တယောက်ဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းကို ဗဟိုမီးသတ်နဲ့ ဆံတော်မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေတွေရှိပြီးနောက် ဆင်စုရပ်ကွက် မြန်မာမွတ်ဆလင် ပရဟိတအသင်း နာရေးကားနဲ့ ပြည်မြို့ ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။
ဧပြီလ ၂၆ ရက်ကလည်း ပြည်မြို့ ဧရာဝတီမြစ် ဘောတံတားအနီး မိသားစု ၆ ယောက် ရေဆင်းကူးရာကနေ ၃ ယောက် ရေနစ်သေဆုံးခဲ့ပါတယ်။
Photo Cj