စစ်ရေးဟာ သွေးထွက်တဲ့ နိုင်ငံရေးပဲ။ ဓားကို ဓားချင်း၊ သေနတ်ကို သေနတ်ချင်းသာ တိုက်ယူမှ တကယ့်လွတ်မြောက်မှုရမှာ။ သွေးကြွေးမှာ ဆွေးနွေးစရာမရှိ။ သွေးကြွေးမှာ ဆွေးနွေးလို့တော့ ရတယ်။ အဲဒါ မင်းတို့အားလုံး လက်နက်ချဆိုတဲ့ စကားပဲ ငါတို့မှာ ပြောစရာရှိတယ်။ ကိုယ့်အချင်းချင်း တစ်ယောက်ကို တစ်ယောက် အပြစ်တင်ခြင်းက အောင်မြင်မှုကို ဝေးကွာစေတယ်။ ခွေးဝမ်းသာအောင် လေလည်ပြသလိုပဲ။ အောင်မြင်ချင်ရင် အောင်မြင်နိုင်တဲ့ အလုပ် တစ်ခုခုကို လုပ်ပါ။ အတွေးတစ်ခုခုကို တွေးပါ။ သို့သော် တွေးရင်းနဲ့တော့ အချိန်မကုန်စေနဲ့ပေါ့။
ဒီကာလမှာ အတုအယောင်လောကကြီးနဲ့ အဆက်ဖြတ်ထားပါ။ လမ်းခွဲပါ။ ရန်သူကို ရန်သူမှန်းသိပြီး ခါးခါးသီးသီး ဆက်ပြီးမုန်းတီးပါ။ အမှတ်ရှိပါ၊ ကိုယ့်နားမှာ မရှိတဲ့သူတွေကို စိတ်အာသာဖြေ မှန်းဆ တမ်းတ မနေပါနဲ့။ လက်ရှိ ကိုယ့်ဘေးမှာ ရှိနေတဲ့ ရဲဘော် ရဲဘက် သူငယ်ချင်းကို အရင်ကထက် ပိုချစ်ပြလိုက်စမ်းပါ။ ကိုယ့်ဘေးနာကသူကို ပိုဂရုစိုက်လိုက်စမ်းပါ။ သူက ကိုယ့်ဘေးနားရောက်လာရင် ဖုန်းသုံးနေရင်တောင် အဲဒီဖုန်းကြီးကို ပစ်ချပစ်လိုက်စမ်းပါ။ တော်လှန်ရေးဟာ ကိုယ့်အတ္တကို ရေလောင်းဖို့ မဟုတ်ပါဘူး။ ဂုဏ်တု ဂုဏ်ပြိုင် မင်းထက်ငါ လုပ်နိုင်တယ်၊ လှူနိုင်တယ်၊ ပိုက်ဆံရှာနိုင်တယ်ဆိုပြီး ဂုဏ်ဆာကြဖို့ လည်း မဟုတ်ပါဘူး။ လွတ်လပ်ရေးဆာလို့ တရားမျှတမှု မွတ်သိပ်လို့ တော်လှန်နေတာမျိုးပဲ ဖြစ်ရမယ်။ ဒီပွဲကြာပြီ။ နိုင်ပါ့မလား ခင်များ ကျနော့်ကို လာမမေးနဲ့ ။ မြန်အောင် ခင်များက ဘာတွေလုပ်နေလဲ။ နိုင် အောင် ဘယ်လောက်ကူညီ ပံ့ပိုးပေးနေသလဲ ကိုယ့်ဘာသာကိုယ်ပြန်မေး အဖြေ အဲဒီမှာ ရှိတယ်။
လွတ်လပ်ရေးက ခင်ဗျားပိုင် ပစ္စည်းမဟုတ်ဘူးလား
အနစ်နာခံတယ် စွန့်လွှတ်ရတယ်ပြောရအောင် လွတ်လပ်ရေးက ခင်များပိုင် ပစ္စည်းမဟုတ်ဘူးလား။ ကိုယ့်အခွင့်အရေး ကိုယ့်ပြန်ယူတာ ခင်ဗျားကိုယ်တိုင် မလုပ်လို့ ဘယ်သူက လာလုပ်ပေးရမှာလဲ။ ကဲပြော။ အချောင်မလိုချင်နဲ့ ကိုယ့်လူ။ အပူဇော် မခံချင်နဲ့။ အခုခေတ်က ကတုံး တုံးပြီး သင်္ကန်းဝတ်ထားရင်တောင် ဘုန်ကြီးလို့ ပြောရခက်တဲ့ခေတ်။ လောဘ ဒေါသ မောဟတွေနဲ့ ဘုန်းကြီး၊လူကြီး ဘာကြီးဖြစ်ဖြစ် ငါတို့ မလေးစားဘူး။
အိမ်ပြန်ချင်တဲ့ ညီလေးတွေလည်း ပြောရဦးမယ်။ အိမ်ပြန်လမ်းက သေမင်းတမန်တွေ စောင့်နေတယ်။
လွတ်မြောက်နယ်မြေက တော်လှန်ပန်းသာ ဆက်၍ပန်ပါ။ လူ့ဂုဏ်သိက္ခာက တိုက်ရင်းနဲ့ သေခြင်းပဲ။ စစ် ကျွန် ဘဝထဲမှာ နေရခြင်းထက် တော်လှန်ရင်းနဲ့ သေရတာက ပိုမြတ်တယ်မှတ်ပါ။ ညီလေးရေ လူ့ဂုဏ်သိက္ခာဆိုတာ လွတ်လပ်ခြင်းနဲ့ ရေတွက်မှ လှတယ်။
နိုင်ငံတော်၏ လှပခြင်းဟာ လွတ်လပ်မျှတခြင်း
နိုင်ငံတော်၏ လှပခြင်းဟာလည်း လွတ်လပ်မျှတခြင်းသာ ဖြစ်တယ်။ ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့။ အပြစ်တင်ခြင်းတင်ရင် ဟို အာဏာရူး စစ်ခွေး မအလ ကိုသာ အပြစ်တင်။ နောက်ပြီး စစ်အာဏာရှင်စနစ်ကိုသာ အပြစ်တင်။
ဘုန်းကြီးရှေ့မှာ ရေစက်ချပြီး လှူမှ ကုသိုလ်ရတယ်ထင်တဲ့ ကုသိုလ်အတိုးပေးစားတဲ့ အကြမ်းစား ခပ်ညံ့ညံ့ ဘာသာရေးအရေ ခြုံတွေကိုသာ အပြစ်တင်။ ကိုယ့်အားကိုသာ ကိုးပါ။ ကမ္ဘာကြီးအားကိုလည်း ယူနိုင်ရင် ယူပါ။ ရန်သူရဲ့ ရန်သူဟာ ငါတို့ မိတ်ဆွေကြီးပဲ ဆိုတာ အသေအချာပဲ။
မိတ်ဆွေကောင်းဆိုတာ တစ်ရာ ရာခိုင်နှုန်းအကျိုးပေးတယ် ဆိုတာ ယုံကြည်ပြီး ကိုယ်ကိုယ်တိုင်လည်း မိတ်ဆွေကျင့်ဝတ်နဲ့ညီအောင် နေကြ။ ကိုယ့်မိတ်ဆွေ နိုင်ငံတွေ ဒုက္ခရောက်နေချိန်မှာ ကိုယ့်ဒုက္ခမှ ဒုက္ခ မမှတ်နဲ့။ သူ့ဒုက္ခကိုလည်း ကိုယ်ချင်းစာပေး။ ယူကရိန်းအရေးကို တချို့က ပြောတယ်လေ။ အမေကျော် ဒွေးတော်မလွမ်းနဲ့ ဆိုပြီး တော့ ပြောကြတယ်။ အဲဒါ မပြောအပ်ဘူး။ အခု ကြည့်လေ။ ယူကရိန်းက နိုင်ငံတကာရဲ့ အကူအညီတွေ ရနေပြီ။
တကယ်ဆို ငါတို့ PDF တွေက NUG အချိတ်အဆက်နဲ့ ယူကရိန်းကို စစ်ရေးအကူအညီပေးချင်ပါတယ် ဆိုပြီး သွားချင်တဲ့ ကူညီချင်တဲ့ ဆန္ဒရှိတဲ့သူတွေ PDF တွေကို လွှတ်ရမှာပါ။ ကိုယ်က လူပဲသွားရမှာ။ ယူကရိန်းက သေနတ်ထုတ်ပေးမှာ။ စစ်ရေးအတွေ့အကြုံလည်းရ၊ ယူကရိန်းနဲ့လည်း မိတ်ဆွေဖြစ်ပေါ့။ ပြီးတော့ မြန်မာသည် ကိုယ်ဒုက္ခရောက်နေတာတောင် ဒုက္ခရောက်သူ အချင်းချင်းနိုင်ငံ အပေါ်မှာ ပစ်မထားဘူးဆိုတာ နိုင်ငံရေးအရ အင်မတန် ဂုဏ်သိက္ခာရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
တချို့ ညီငယ် PDF လေးတွေ စစ်သားဖြစ်ပြီး စစ်မတိုက်ရလို့ စိတ်ညစ်နေကြတာ ကျနော်သိတယ်လေ။ စစ်တိုက်ချင်လို့ PDF ထဲဝင်ကာမှ ထင်းခွေ၊ ရေခပ်၊ ဝါးခုတ်၊ မျှစ်တူး၊ ငါးရှာ၊ ဖားရှာ ၊ တော တောင်တွေမှာ နေ နေရတာထက် စာရင် ဘယ်နိုင်ငံရဲ့ လွတ်လပ်ရေးအတွက်မဆို မြန်မာပြည်က PDFတွေဟာ အသက်စွန့်ပြီး တိုက်ရဲတယ်ဆိုတာ အပြောမဟုတ် လက်တွေ့ပြရမှာ။
မအလ စစ်တပ်ရဲ့ ဂျင်းတက်ကြီး
PDF လူငယ်တွေကလည်း NUG ထံ တောင်းဆိုကြရမှာပါ။ အဲဒါမှ မြန်မာ့ရေးကိုလည်း နိုင်ငံတကာက ယူကရိန်းကို ကူညီသလို ဝိုင်းကူညီကြမှာ PDF တွေကို နိုင်ငံတကာက ယူကရိန်းလိုသာ ကူညီရင် မအလ ဖက်ဆစ်စစ်တပ် ချက်ချင်းပျက်တယ်။
ကိုယ့်အကျိုးအောင်ချင်ရင် သူများအကျိုးကိုလည်း ကူညီချင်တဲ့စိတ်ရှိရမယ်။ မြန်မာပြည်မှာပဲကြည့်ပါ။ ဗမာတွေ ကိုယ်ဒုက္ခရောက်မှ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေဆီကို သွားကြတာ။ စစ်ပညာအခြေခံသင်တန်းတက်ကြတာ။ အရင်ကဆို တက်ရကောင်းမှန်း မသိဘူး။ တိုင်းရင်းသားတွေကို သူပုန်လို့ပဲထင်ကြတာများတယ်။ ပြည်ထောင်စုကြီး ပြိုကွဲအောင်လုပ်သူများပေါ့။ မအလ စစ်တပ်ရဲ့ ဂျင်းတက်ကြီး မိနေတာ။
အခုမှ လွတ်မြောက်နယ်မြေလာပြီး ဗမာ့လွတ်လပ်ရေးအတွက် စစ်ပညာသင်ယူကြတာပါ။ KNU တို့ KIA တို့က ဒိုင်ခံ လက်ခံရတယ်။ ဒါတောင် တချို့က ပြည်မပဲပြန်ပြီး တိုက်ချင်တယ်။ ကိုယ့်ဒုက္ခမှပဲ ဒုက္ခထင်တုန်းပဲရှိတယ်။ ကရင်လွတ်လပ်ရေးအတွက် ကချင့်လွတ်လပ်ရေးအတွက် ငါတို့ အရင်တိုက်ပေးပြီးမှ ပြည်မလွတ်လပ်ရေးအတွက် တိုက်မယ်ဆိုတဲ့ ဗမာ PDF တွေ ရှိတော့ရှိတယ်။ ရှားတယ်။ ကျနော် ကိုယ်တိုင်တောင် လက်တွေ့ကျမှ သဘောပေါက်တယ်။ သူတို့ဘက်က ကိုယ်ချင်းစာ တတ်လာတယ်။ သူတို့မှာလည်း အားနည်းချက်တွေရှိပါတယ်။ ဒါလည်း ကျနော်မြင်တယ်။ သိတယ်။ ပြုပြင်ပေးလို့ရရင် ပြုပြင်ပေးရမှာပဲ။ ကျနော်တို့က အားနာနေလို့မရဘူး။ သွေးချင်းညီအစ်ကိုတွေပဲ။ မအလ စစ်တပ်အောက်က လွတ်မြောက်ဖို့ ကြိုးစားအားထုတ်သူ EROs တွေအထဲမှာ ရက္ခိုင့်တပ်တော် AA ရဲ့ KIA အပေါ်မှာ သစ္စာရှိမှုနဲ့ မဟာမိတ်ပီသမှုကို ဒီ နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားခဲ့တဲ့ ဗမာ PDF လူငယ်တွေ အတုယူ သင့်ကြတယ်။လေ့လာ သင်ယူသင့်ကြပါတယ်။
ဖက်ဒရယ်လိုချင်ရင် ဖက်ဒရယ် ရရာရကြောင်း လုပ်ကြ
ကဲ နိဂုံးချုပ်ရအောင်ပါ။ လောကုတ္တရာမှာတော့ နိဗ္ဗာန်လိုချင်ရင် နိဗ္ဗာန်ရရာ ရကြောင်း ကျင့်ရင် ရတာပဲ။
လောကီမှာတော့ လွတ်လပ်ရေးလိုချင်ရင် လွတ်လပ်ရေး ရရာရကြောင်း ကျင့်ကြပေါ့။ ဗမာ မဟုတ်တဲ့ လူနည်းစု တိုင်းရင်းသားတွေအနေနဲ့လည်း ဖက်ဒရယ်လိုချင်ရင် ဖက်ဒရယ် ရရာ ရကြောင်း လုပ်ကြပါ။ ကွန်ဖက်ဒရေးရှင်း လိုချင်ကြရင်လည်း ကွန်ဖက်ဒရေးရှင်း ရရာရကြောင်း လုပ်ကြပေါ့။
ကျနော်ကတော့ အားလုံးကို ပြည်ထောင်စုကြီး မပြိုကွဲရေးဆိုတဲ့ ဂျင်းတက်ကြီးကို ဆက်မစားစေချင်တော့တာ အမှန်ပဲဗျာ...။
အားလုံးလွတ်လပ်တဲ့ နိုင်ငံတော်သစ်တွေ ထူထောင်နိုင်ကြပါစေ။ ဘယ်ပြည်သူ့ကိုမှ အပြစ်မတင်ကြေး။ ကိုယ့်ပြည်နယ်ကို လွတ်အောင်ရုန်းထကြ။ လွတ်မြောက်နိုင်ခြေရှိတဲ့ ပြည်နယ်တွေကို ဝိုင်းကူကြ၊ ဝိုင်းတိုက်ပြီး သိမ်းယူကြ။ မအလကို ဝိုင်းပတ်ပိတ်ဆို့တဲ့နည်းနဲ့ တိုက်ထုတ်ကြ။ စစ်ရေးမဟာဗျူဟာအရ ခွေးကိုဂျောင်တော့ ပိတ်မထားရဘူး။
ခွေးပြေးပေါက်လေးတော့ ဖွင့်ထားပေး
ခွေးပြေးပေါက်လေးတော့ ဖွင့်ထားပေးရမယ်။ မအလနဲ့ ခွေးစစ်တပ် သူ့ပထွေး ပူတင်ဆီ ပြေးပါစေ ပေါ့။ ဒါမှ ကျနော်တို့ ပြန်အကိုက်ခံရမှု သက်သာမှာပါ။ ပူတင်နဲ့အတူ ငါတို့နိုင်ငံတော်သစ်နဲ့ ဝေးရာမှာ ခွေးသေဝက်သေ သေပါစေ။ အာဏာရှင်တို့ ကျဆုံးခန်းကို တစ်နေ့ ငါတို့ထိုင်ကြည့်နိုင်မှာပါ။
၁၉၄၈ လွတ်လပ်ရေးမရခင်က အချိန်ကို ပြန်သွားကြ။ နွေဦးတော်လှန်ရေးကို အစိတ်လိုက် အပိုင်းလိုက် သီးခြားလွတ်လပ်တဲ့ တိုင်းနိုင်ငံပြည်နယ်တစ်ခုချင်းဆီ လွတ်လပ်ရေးရအောင် လုပ်ကြ။ လွတ်မြောက်နယ်မြေတွေ အမှန်တကယ် ဖော်ထုတ်ကြ။ စစ်ဘေးဒုက္ခ ရောက်နေသူ ပြည်သူများအတွက် Save Zone တွေဖန်တီးပေးကြ။ ပြည်သူ တစ်ဦးချင်းစုဖွဲ့ထားတဲ့ မိသားစုတွေက နိုင်ငံတော်ရဲ့ အသေးဆုံးယူနစ်တွေမို့ တန်ဖိုးထားကြစေချင်တယ်။ ပြည်သူဟာ ပုရုတ်လုံးလို လုံးပါးပါးရင် ပြည်သူတွေကို ဆုံးရှုံးရရင် စစ်ရှုံးတာပဲ။ အကုန်ရှုံးတာပဲ။ မအလ ရှုံးနေတာဟာ ပြည်သူတွေကို ဆုံးရှုံးရလို့ပဲဆိုတာ နဲ့ NUG PDF , EROs တွေ အထူးဂရုပြုပါလေ။ ပြည်သူ့ရဲ့ အသက်အိုးအိမ် စည်းဇိမ်ထက် အရေးကြီးတာ နိုင်ငံတော်မှာ ဘာမှမရှိဘူး။ ပြည်သူဟာ နိုင်ငံတော်ရဲ့ အသည်းနှလုံးပဲ ။ ပြည်သူလူထုရဲ့ အပြင်းပြဆုံးဆန္ဒကတေ့ စစ်ကျွန်ဘဝက လွတ်မြောက်ရေးပဲ...။
ပြည်သူ့ လွတ်လပ်ရေး အရေးတော်ပုံ မုချ အောင်မြင်ကြရမည်။
ချစ်မင်းနွဲ့ကြည်