စတီရီယိုခေတ်ဦး နာမည်ကြီးအဆိုတော် စိမ်းမို့မို့ (ခ) ဒေါ်စမ်းယုကြည်ဟာ ရန်ကုန်၊ လမ်းမတော်မြို့နယ်က Green Cross ဆေးရုံမှာ ဇွန် ၂၃ ရက် နေ့လယ်ပိုင်းက ကွယ်လွန်သွားတယ်လို့ မြန်မာဂီတအသိုင်းအဝိုင်းက ပြောပါတယ်။
အဆိုတော် စိမ်းမို့မို့ဟာ “မျက်ဝန်းစကား၊ လွမ်းငွေ့ဝေဝေ၊ ရွှေမိုးညို၊ ချစ်သည်းစွဲ၊ စတော်ဘယ်ရီချစ်သည်းရှင်၊ တောင်ပြာတန်းက မောင်စစ်သည်သို့” စတဲ့ စတူရီယိုေခတ် သီချင်းတွေ သီဆိုခဲ့ပြီး လူကြိုက်များခဲ့သူပါ။
အဆိုတော် ချောစုခင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “ချစ်ခင်လေးစား ကြိုက်နှစ်သက်ခဲ့ရသော မမို့ (စိမ်းမို့မို့) ဘဝတပါး ပြောင်းရွှေ့သွားသောကြောင့် များစွာစိတ်မကောင်းဖြစ်ရပါတယ်၊ သေခြင်းတရားကို ဘယ်သူမှ မလွန်ဆန်နိုင်ကြတော့ အမြဲပြုံးနေတတ်တဲ့ မမို့ ကောင်းမွန်သော ဘုံဘဝကို ရောက်ရှိပါစေ” လို့ ရေးသားထားပါတယ်။
အဆိုတော်ယုဇနကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ “ချစ်ခင်လေးစားရပါသော အန်တီမို့ (စိမ်းမို့မို့) ဆုံးပါးသွားတဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်၊ သီချင်းတွေ အတူဆိုခဲ့ကြဖူးတယ်၊ ဆုံးမစကားတွေလည်း နားထောင်ခဲ့ဖူးတယ်၊ အန်တီမို့ သီချင်းဆိုလိုက်တိုင်း အသံအားကောင်းကောင်းနဲ့ နားထောင်ကောင်းလွန်းလို့ အားကျခဲ့ရပါတယ်၊ အမြဲ အပြုံးချိုချိုလေးနဲ့ စိတ်သဘောလှတဲ့ အန်တီမို့ အေးချမ်းတဲ့ဘုံဘဝသို့ ရောက်ရှိပါစေ” လို့ ရေးသားထားပါတယ်။
မိသားစုနဲ့ နီးစပ်သူတွေကတော့ Green Cross ဆေးရုံမှာ အဆိုတော် စိမ်းမို့မို့ (ခ) ဒေါ်စမ်းယုကြည် ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတာလို့ ပြောကြားထားပြီး ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်ကလည်း အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေး နှလုံးရောဂါနဲ့ မန္တလေးမှာ ဆုံးပါးခဲ့ပါတယ်။