Home
မြန်မာသတင်း
 NLD ဒီပဲယင်းအမတ်ကို မြို့နယ်ပကဖ ဖမ်းဆီး 
DVB
·
June 23, 2023
355493135_827493068798165_150600838086953089_n

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ ပြီးခဲ့တဲ့ မတ်လက ထုတ်ပယ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်ကို ဇွန် ၈ ရက်က မြို့နယ် ပကဖရဲဘော်တွေ ဖမ်းဆီးပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနထံ ပို့ဆောင်ခဲ့တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။

ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “ဇွန် ၈ ရက်က ဖမ်းလိုက်တာ၊ ဒီမှာရှိတဲ့ စစ်တပ်က စစ်ကြောင်းမှူးနဲ့ အတူရှိနေတာ တွေ့တယ်။ အဓိကကတော့ စစ်ကောင်စီနဲ့ပေါင်းပြီး တော်လှန်ရေးရဲဘော်‌တွေကို လက်နက်ချခိုင်းတယ်ဗျ။ ဒါ လက်ခံနိုင်စရာမရှိဘူး” လို့ ပြောပါတယ်။

ဦးဝင်းမြင့်အောင်ဟာ စစ်ကောင်စီထံ အညံ့ခံကာ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှာ ရှစ်လခွဲကြာ သွားရောက်ခိုလှုံ နေထိုင်ခဲ့သူဖြစ်ပြီး ဒီပဲယင်း-ရွှေဘိုလမ်းပိုင်းမှာ ပကဖရဲဘော်တွေက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပေမဲ့ ဒီကိစ္စ ဦးဝင်းမြင့်အောင်ဘက်ကိုတော့ မေးမြန်းလို့မရသေးပါဘူး။

ဖမ်းဆီးထားသူ ဦးဝင်းမြင့်အောင်ဟာ ၁၉၉၀၊ ၂၀၁၅၊ ၂၀၂၀ ခုနှစ်တွေမှာ NLD ပါတီကနေ ဒီပဲယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ အနိုင်ရခဲ့သူ ဖြစ်ပါတယ်။

NLD ပါတီ ဗဟိုကော်မတီက ၂၀၂၃ ခုနှစ် မတ် ၃ ရက်က ​ဦးဖြိုးမင်းသိန်း၊ ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင်နဲ့ ဒေါ်စန္ဒာမင်းတို့ ၄ ဦးကို ပါတီမှထုတ်ပယ်ကြောင်း ကြေညာခဲ့ပါတယ်။

ဦးဝင်းမြင့်​အောင်ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး​နောက် ဖမ်းဆီးခံရကာ ပြန်လွတ်လာသူလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013