မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရဲနိုင်ဟာ ဇွန် ၂၂ ရက် ညနေ ၆ နာရီလောက်မှာ သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
သင်္ချာဦးရဲနိုင်လို့ ဒေသတွင်း လူသိများတဲ့ ကျိုက်ထိုမြို့နယ် ကြံ့ခိုင်ရေးပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သူကို ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ကျိုက်ပိတောရကျောင်း အရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။
ဦးရဲနိုင်ဟာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဒဏ်ရာ ၈ ချက်ရရှိပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပြီး အလောင်းကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ကျိုက်ထိုဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။
သေဆုံးသွားတဲ့ ဦးရဲနိုင်ဟာ ကျိုက်ထိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေနဲ့ NLD ပါတီဝင်တွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်တာ၊ ထောက်ပို့တွေနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးရာမှာ အမြဲလိုပါဝင်သူဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ကျိုက်ထိုမြို့နယ် အလုပ်မှုဆောင်အဖွဲ့ဝင်လည်းဖြစ်တဲ့ ဘဏ္ဍာရေးမှူး ဦးရဲနိုင်ဟာ ဒေသတွင်းမှာတော့ နာမည်ဆိုးနဲ့ ကျော်ကြားနေတာပါ။
သထုံခရိုင် PDF တာဝန်ခံက “ဦးရဲနိုင်ကို ဒေသ PDF တွေ ရှင်းလင်းတာဟာ ပါတီနဲ့မဆိုင်ဘူး။ သူလုပ်ခဲ့တဲ့ ပြစ်မှုတွေကြောင့် တော်လှန်ရေးဘက်က ရှင်းလင်းတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရဲနိုင်ဟာ ဒီမိုကရေစီ လိုလားသူတွေကို နည်းမျိုးစုံသုံးပြီး ဖိနှိပ်တာတွေ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေး အင်အားစုတွေဘက်က ပြောဆိုပေမဲ့ ဒီဗွီဘီအနေနဲ့ တစုံတရာ အတည်ပြုနိုင်ခြင်း မရှိပါဘူး။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ မြို့နယ်တခုဖြစ်သလို စစ်ကောင်စီဘက်က အမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးဖို့ အမိန့်ထုတ်ထားပါတယ်။