Home
မြန်မာသတင်း
ဝက်လက် ဒေသခံ ၂ ဦးကို စစ်တပ်ကသတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး
DVB
·
June 23, 2023
355314888_1202103010473459_194196700302519478_n

စစ်ကိုင်းတိုင်း  ဝက်လက်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက အပြစ်မဲ့ပြည်သူ ၂ ဦးအား သတ်ဖြတ်ပြီး ကျေးရွာ ၂ ရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ 

ဝက်လက်မြို့နယ်ထဲက ဇွန် ၂၂ ရက် မနက် ၈ နာရီခွဲလောက် ထွက်လာတဲ့ အင်အား ၇ဝ လောက်ပါ စစ်ကောင်စီစစ်ကြောင်းကို Eagle Guerrilla Force နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထပ်မနည်းသေဆုံးခဲ့ပြီးနောက် အခုလို ပြည်သူ ၂ ဦးအားသတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို တကောင်းမင်းရွာနဲ့သဖန်းကုန်းရွာကြားထဲက ဝက်သိုးကုန်းမှာ တကြိမ်နဲ့ အောင်တက်ကုန်းမှာ တကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဒေသကာကွယ်ရေးတပ် ဖွဲ့ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း Eagle Guerrilla Forceတပ်ရင်းမှူး ဗိုလ်ကောက်ရိုးက DVB ကို ပြောပါတယ်။

"မိုင်းဆွဲခံရတဲ့နေရာနားမှာ ဆိတ်ကျောင်းနေတဲ့ တကောင်းမင်းရွာသား ကိုနိုင်စိုး (အသက် ၃ဝ နှစ်)ကို အရင်ဆုံးသေနတ်နဲ့ပစ်တာ၊ ပြီးတော့ သေနတ်ဒင်နဲ့ဆက်ထုတာ ဦးခေါင်း ၃ ခြမ်းကွဲတယ်၊ ဦးနှောက်တောင်မရှိတော့ဘူး။ ဦးစိန်မြင့် (အသက် ၅ဝ ကျော်ခန့်) ကကျတော့ သူတို့ (စစ်တပ်စစ် ကြောင်း) လာတာတွေ့လို့ သစ်ပင်ပေါ်တက်ပြေးတာကို တွေ့ဖြစ်အောင်တွေ့ပြီး ပစ်သတ်တာ၊ ပြုတ်ကျပြီး အောက်ကကန်ပေါင်ပေါ်ကျပြီး သေတာ။ ပြီးတာနဲ့ သူတို့ဆက်ထွက်သွားတော့ ကျနော်တို့လည်း စစ်ကြောင်းနဲ့နီးနေတာနဲ့ အမြန်သင်္ဂြိုဟ်လိုက်ရတယ်။" 

အဆိုပါစစ်ကြောင်းက အပြစ်မဲ့ပြည်သူ ၂ ဦးအား သတ်ဖြတ်အပြီး ကောင်းမင်းရွာ နေအိမ် ၁၅ လုံးနဲ့ ကျီးကန်ရွာက နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဗိုလ်ကောက်ရိုးက ဆက်ပြောပါတယ်။

"အကြမ်းဖက်သတ်ဖြတ်မှုတွေပြီးတော့ စစ်တပ်ကရွာ တွေဘက်ထဲ လှည့်သွားတယ်ခင်ဗျ။ တကောင်းမင်းရွာနဲ့ကျီးကန်ရွာကို မီးတင်ရှို့တယ်၊ ပြီးတော့ လှတောရွာဘက်ကိုဝင်သွားခဲ့ပြီး ညနေပိုင်းမှာ ကျီးကန်ရွာထဲ ပြန်ဝင်မီးတင်ရှို့နေတယ်လို့ကြားရတယ်၊ အပျက်အစီးကိုတော့ မသိရ သေးဘူးဗျ။"

အဆိုပါ တိုက်ခိုက်မှုတွေကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerrilla Force နဲ့ ပူးပေါင်း မဟာမိတ်တွေက ဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံး ဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီး DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဝက်လက်မြို့ တကောင်းမင်းရွာ ကို မီးရှို့ခဲ့လို့ နေအိမ် ၁ဝဝ ကျော်ဆုံးရှုံးခဲ့ပြီး ဒေသခံတဦး သေဆုံးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024