မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ အထက်တန်းကျောင်းအရှေ့ ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီသြဇာခံ ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ဒီနေ့ ဇွန် ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်က ကမာဝက်မြို့ စာသင်ကျောင်းအရှေ့မှာ လုံခြုံရေးယူထားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ နေထိုင်ရာ ကင်းတဲကို အမည်မသိ လူငယ် ၂ ဦးက ဆိုင်ကယ်နဲ့ လာပြီး ဗုံးပစ်သွင်းခဲ့တာပါ။
ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ဦးမျိုးလွင်ဟာ အခင်းဖြစ်ရာနေရာပဲ သေဆုံးခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ နောက်တဦး ဖြစ်တဲ့ ဦးတင်လှိုင်က အရေပြားပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
“အဲဒီကင်းတဲမှာ အရင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာထိုင်တာ ရှိတယ်၊ ဖြစ်ချင်တော့ ဒီနေ့မှာ ပြည်သူ့စစ်အဖွဲ့ပဲ ရှိတာ၊ ကမာဝက်မြို့မှာ အခုလို မဖြစ်ဘူးတော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်”လို့ ကမာဝက်မြို့ခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စာသင်ကျောင်းနဲ့ ကိုက် ၂၀၀ အကွာမှာရှိတဲ့ ကမာဝက်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေအဆိုအရ ဗုံးပေါက်ကွဲမှုဟာ ကျောင်းမလွှတ်မီ မိနစ်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့တဲ့အတွက် အဲဒီဖြစ်စဉ်အပြီး နာရီဝက်ကျော်လောက်မှာသာ ကျောင်းလွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ် လော်ဘီတယ်လီဂရမ်အကောင့်တွေမှာ ဗုံးပေါက်ကွဲမှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့ ဝါဒဖြန်တာတွေ ရှိနေပါတယ်။
ဒါပေမဲ့ ဒီဗုံးပေါက်ကွဲမှု ဖြစ်စဉ်ပေါ် ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေက တစုံတရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
မွန်လူမျိုးအများစု နေထိုင်တဲ့ ကမာဝက်မြို့ဟာ စစ်တပ် အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။