ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ရှင်ဗွေယန်မြို့နယ်မှာ စက်ယန္တရားတွေနဲ့ ရွှေအလွန်အကျွံ တူးဖော်နေတာကြောင့် မြစ်ချောင်းတွေ တိမ်ကောပြီး စိုက်ပျိုးမြေတွေ ထိခိုက်ပျက်စီးနေကြောင်း ဒေသခံတွေထံက သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စက်ယန္တရားတွေနဲ့ တန်းလက်ကျေးရွာအနီး ရွှေအလွန်အကျွံ တူးဖော်နေတဲ့အတွက် ချောင်းအတွင်း မြေစာပုံများကြောင့် တိမ်ကောလာပြီး စိုက်ပျိုးမြေတွေပါ ထိခိုက်ပျက်စီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာဒေသခံတဦးက “အရင်ကတော့ အင်ဝိုင်းတွေနဲ့ တနိုင်တပိုင် ရွှေတူးတာတွေ ရှိတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက်တော့ စက်ယန္တရားတွေနဲ့ အကြီးအကျယ် တူးတော့တာပဲ။ ချောင်းထဲမှာ ဆိုလည်း မြေစာပုံတွေပြည့်ပြီး ချောင်းလည်း တဖြည်းဖြည်းနဲ့ တိမ်ကောလာတယ်။ နောက်ပြီး သူတို့သုံးတဲ့ ဓာတုဗေဒဆေးတွေကြောင့်လည်း ပါမယ်။ စိုက်ပျိုးမြေတွေ အတော်ပျက်စီးနေပြီ။ စိုက်လို့မရတော့တဲ့မြေတွေ အတော်များလာတယ်” လို့ ပြောပါတယ်။
ရှင်ဗွေယန်မြို့နယ်အတွင်းမှာ ရွှေတူးဖော်တဲ့သူတွေက စစ်ကောင်စီတပ် အပါအဝင် တခြား လက်နက်ကိုင်အဖွဲ့အစည်းတွေကို တရားမဝင် ငွေကြေးပေးဆောင်ပြီး ရွှေတူးဖော်နေတဲ့အတွက် တန်းလက်ကျေးရွာက မြေဧကအများအပြား ပျက်စီးနေတဲ့အတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေက တခြားကျေးရွာတွေမှာ ပြောင်းရွှေ့စိုက်ပျိုးနေရတယ်လို့လည်း သိရပါတယ်။
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ပူတာအိုမြို့နယ်၊ မိုးညှင်းမြို့နယ်နဲ့ တနိုင်းမြို့နယ်တွေမှာ စက်ယန္တရားတွေနဲ့ ရွှေအလွန်အကျွံ တူးဖော်နေတာတွေ နေ့ ည မပြတ် ပြုလုပ်နေပြီး ဇွန် ၁၂ ရက်က ပူတာအိုမြို့နယ်၊ ဖက်မာကျေးရွာက ရွှေတူးဖော်ရေးလုပ်ငန်းကို ဒေသခံပြည်သူတွေက သွားရောက်ဖျက်ဆီး နှင်ထုတ်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ကလည်း ဝိုင်းမော်မြို့နယ် အင်ဂန်းယန်ကျေးရွာအနီး ရွှေတူးဖော်ရေးလုပ်ငန်းတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးပြီး နောက်ပိုင်းမှာလည်း ရွှေတူးဖော်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေကြပါတယ်။