Home
မြန်မာသတင်း
ပန်းပန်၊ ပန်းကိုင်မှုဖြင့် ဖမ်းဆီးခံရသည့် ကော့ကရိတ်ဒေသခံ ၁၃ ဦး မိသားစုနှင့်တွေ့ခွင့်မရ
DVB
·
June 21, 2023
355354412_1346067629586840_374225232838519462_n

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ဇွန်လ ၁၉ ရက် မနက်ပိုင်းက ပန်းပန်တဲ့သူနဲ့ ပန်းကိုင်ဆောင်လာတဲ့ ဒေသခံ ၁၃ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်မရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ဇွန်လ ၁၉ ရက်နေ့က ဖမ်းဆီးခံ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့မှာ စစ်ကောင်စီက ကော့ကရိတ်မြို့ ဇိနသုခကျောင်းရှေ့အပါအဝင် မြို့တွင်းမြို့ပြင်ကို လုံခြုံရေးတိုးမြှင့်ပြီး ပန်းကိုင်ဆောင်လာတဲ့ အမျိုးသား ၅ ယောက်နဲ့ ပန်းပန်လာတဲ့ အမျိုးသမီး ၈ ယောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။

ကော့ကရိတ်မြို့မရဲစခန်းမှာ ဖမ်းဆီးခံနေရသူတွေကို ထိန်းသိမ်းထားကာ စစ်ဆေးတာတွေလုပ်ဆောင်နေပြီး မိသားစုဝင်တွေနဲ့ တွေ့ခွင်မရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

“ပြည်သူတယောက်ရဲ့ လွတ်လပ်ခွင့်တောင်မှ ပန်းကိုင်လို့တောင် မရဘူးဆိုတော့ ဘယ်နိုင်ငံမှာမှ မရှိတဲ့ ဥပဒေမဲ့လုပ်ရပ်။ လူအခွင့်အရေချိုးဖောက်တာ။ သူတို့ကဖမ်းသွားပြီးလို့ရှိရင် တွေ့ခွင့်မ‌ပေးရုံမကဘူး၊ ဖမ်းသွားပြီးရင် မျှော်လင့်ချက်တွေက မရှိတော့ဘူး။ သူတို့လက်ထဲမှာ အမျိုးမျိုးနှိပ်စက်မှာ။ နှိပ်စက်ပြီးရင် သူတို့လုပ်ချင်ရာလုပ်မယ်။ အခုလည်း မိသားစုနဲ့ တွေ့ခွင့်မရသေးဘူး။ နောက်ပိုင်းက မိသားစုတွေအတွက် စိုးရိမ်စရာပဲ။”

ဇိနသုခကျောင်းတိုက်ရှေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာ ပြည်သူတွေကို ဆိုင်ကယ်မောင်းခွင့်မပေးတဲ့အပြင် ဆိုင်ကယ်ဖြတ်မောင်းသူတွေကို ပါးရိုက်တာ ဖုန်းယူစစ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

ဇွန် ၁၉ ရက်နေ့ ကျရောက်တဲ့ ဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက်မွေးနေ့ မွေးနေ့ပွဲကိုဂုဏ်ပြုပြီး ပန်းသပိတ်ပြုလုပ်တဲ့ အတိုက်အခံအင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူတွေကို စစ်ကောင်စီက နိုင်ငံတဝန်းမှာ ဒါဇင်နဲ့ချီ လိုက်လံဖမ်းဆီးခဲ့ပြီး တချို့ကိုပြန်လွတ်ပေးပြီး တချို့ကို ပုဒ်မတွေတပ်ပြီး ဖမ်းဆီးထားပါတယ်။

စစ်ကောင်စီက ပန်းကိုင်သူတွေတောင် ကြောက်နေရပြီဖြစ်လို့ အရှုံးတွေနဲ့ရင်ဆိုင်နေရပြီဆိုတာ ပြသလိုက်တာလို့ ဘားအံမြို့နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။

ကော့ကရိတ်မြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပြည်သူ ၁၀၀ နီးပါးကိုဖမ်းဆီးခဲ့ပြီးနောက် မိသားစုဝင်တွေနဲ့တွေ့ဆုံခွင်မရတဲ့အပြင် ဆက်သွယ်မရဘဲ ပျောက်ဆုံးနေသူတွေလည်း ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024