Home
မြန်မာသတင်း
မောင်တောတွင် အမျိုးသား ၁ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး
DVB
·
June 21, 2023
353856430_993619774993749_6998479664282296413_n

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လဘော်ဇားကျေးရွာက အသက် ၄၀ အရွယ် အမျိုးသားတဦး ဇွန် ၁၉ ရက် နေ့လယ် ၁ နာရီလောက်က မိုးကြိုးပစ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့​ကြောင်း လဘော်ဇားကျေးရွာ အုပ်ချုပ်ရေးမှူး အဘူခါဆိန်းက ပြောပါတယ်။

“သူတို့နှစ်ဦးက ပုစွန်ကန်မှာ ငါးသွားရှာနေကြတာ၊ မိုးရွာလာပြီး မိုးကြိုးပစ်တော့ တယောက်က ပွဲချင်းပြီးသေသွားတယ်။ နောက်တဦးက နားနှစ်ဖက်မှာ ဒဏ်ရာတွေနဲ့ ရွာကိုထွက်ပြေးလာခဲ့တယ်။”

မိုးကြိုးပစ်ခံရပြီး သေဆုံးသူမှာ ရော်ဖီလ် အသက် ၄၀ (ဘ) ဇော်ကရိယာ ဖြစ်ကြောင်း ကျေးရွာတာဝန်ခံထံက သိရပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းအပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်အတွင်း မေ ၂၄ ရက်ကနေ ဇွန် ၂၀ ရက်အထိ ရက်ပေါင်း ၂၀ ကျော်အတွင်း မိုးကြိုးပစ်ခံရပြီး သေဆုံးသူ ဒေသခံ ၉ ဦးအထိ ရှိကာ ဒဏ်ရာရရှိသူတွေလည်း ရှိပါတယ်။

ဇွန် ၆ ရက်ကလည်း ချင်းပြည်နယ် ပလက်ဝမှာ ဒေသခံ ၂ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

မိုးကြိုးပစ်ခံရပြီး သေဆုံးရတာဟာ အသိပညာ ဗဟုသုတတွေနဲ့ သက်ဆိုင်ကြောင်း လေ့လာသူတွေက ဆိုပါတယ်။

“ရခိုင်က အာဏာပိုင်နှစ်ရပ်ဖြစ်တဲ့ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့က ဒေသခံတွေကို အသိပညာ ဗဟုသုတတွေ ပြောပြသင့်တယ်။ လျှပ်စီးလက် မိုးကြိုးပစ်နေရင် တောတောင်တွေ၊ သစ်ပင်ကြီးတွေပေါ်မှာဖြစ်စေ၊ အောက်ဘက်တွေမှာဖြစ်စေ၊ ကွင်းပြင်တွေ၊ အဆောက်အဦ အပေါ်တွေမှာ မနေသင့်​ဘူး။ လျှပ်စီးတပ်တဲ့ လျှပ်စစ်ပစ္စည်းတွေကို မိမိနဲ့ဝေးရာမှာ ထားသင့်​တယ်။ အသိပညာတွေ ပေးသင့်တယ်။ သူငယ်ချင်းနှစ်ဦး ဖုန်းနဲ့ ဂိမ်းကစားနေတာ မိုးကြိုးပစ် သေသွားတာလေ။ မိုးကြိုးပစ်နေရင် ဖုန်းတွေ စက်ပိတ်ထားသင့်တယ်။”

မိုးကြိုးပစ်သေဆုံးသွားသူတွေမှာ မောင်တော၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်တွေက ဖြစ်ကြပြီး အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦး နဲ့ ကလေးငယ် ၁ ဦးအပြင် ချင်းပြည်နယ် ပလက်ဝမှ အမျိုးသား ၂ ဦးလည်း သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024