မော်လမြိုင်-ရေးကားလမ်းပေါ် ဇွန် ၁၈ ရက် မနက် ၇ နာရီကနေ့ ၁၁ နာရီအထိ KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းတွေက လုံခြုံရေးအရ စစ်ဆေးမှုတွေလုပ်ဆောင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်ကို ခရီးသွားယာဉ်ပေါ်ကနေ ဖမ်းဆီးရမိခဲ့တယ်လို့ KNLA တာဝန်ရှိသူတဦးက ပြောပါတယ်။
ဇွန် ၁၀ ရက်နေ့က မော်လမြိုင်-ရေး-ထားဝယ်လမ်းပိုင်း အမှတ် ၈ ပြည်ထောင်စုလမ်းကို အသုံးပြုသွားလာနေကြတဲ့ မော်တော်ယာဉ်တွေအနေနဲ့ စစ်တပ်ရဲ့ လက်နက်ခဲယမ်းအပါအဝင် လူနဲ့ ပစ္စည်းတွေ သယ်ဆောင်သွားလာတာတွေ မပြုလုပ်ဖို့နဲ့ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အသုံးပြုနေတဲ့ ယာဉ်တွေပါ ကြည်ဖြူစွာအစစ်ဆေးခံဖို့ KNLA တပ်ရင်း ၂၇ က အသိပေးကြေညာခဲ့ပါတယ်။
အဲဒီလို အသိပေးပြီးနောက် KNLA၊ PDF ပူးပေါင်းစစ်ကြောင်းတွေက လုံခြုံရေးရယူပြီး ကားလမ်းမကြီးတလျှောက်မှာ နေရာ ၃ နေရာခွဲပြီး စစ်ဆေးမှုတွေပြုလုပ်နေတုန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို မင်္သကာဖွယ်တွေ့ရှိခဲ့ရာက ဖမ်းဆီးရမိခဲ့တာပါ။
KNLA တာဝန်ရှိသူတဦးက “ဖမ်းဆီးရမိတာ အမှန်ပဲ။ လောလောဆယ်တော့ စစ်ဆေးမှုတွေလုပ်နေတယ်။ ဆင့်ကဲ ဆင့်ကဲလွှဲအပ်ပြီးတော့ ဆောင်ရွက်သွားမဲ့ အစီအစဉ်ရှိတယ်။ တပ်ရင်း ၂၇ က ထုတ်ထားတဲ့စာအတိုင်း လုပ်စရာရှိတာ လုပ်သွားမယ်။ လောလောဆယ် အခြေအနေကတော့ မသိလို့ ဖြစ်ကောင်းဖြစ်မယ်။ သိသိကြီးနဲ့ လာတာလား ပြောမတတ်ဘူး "လို့ ပြောပါတယ်။
ဇွန် ၂၀ ရက် မနက်ပိုင်းက စစ်ဆေးမှုတွေလုပ်ဆောင်နေတုန်း စစ်ကောင်စီတပ်ဘက်က မော်လမြိုင်-ရေး-ထားဝယ်လမ်းပိုင်းကို ခလရ ၁၀၆ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
မွန်ပြည်နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းစစ်ကြောင်းတွေက နယ်မြေစိုးမိုးထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်ရာမှာ စစ်ရေးအရှိန်မြှင့်ပြီး ဆောင်ရွက်သွားဖို့ရှိတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
ဇွန်လ ၁၄ ရက်နေ့ ညနေ ၆ နာရီလောက်က မွန်ပြည်နယ် ရေးမြို့ကနေ အရပ်သားကားအသုံးပြုပြီး လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေကို KNLA တပ်ရင်း ၂၇ က ထီးမေဘောတံတားအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့ပါတယ်။