Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် တရားမဝင် ဝင်ရောက်သည့် မြန်မာ ၁၁ ဦး ဖမ်းဆီးခံရ
DVB
·
June 20, 2023
355132064_236369745805266_3236190464162147215_n

ထိုင်း-မြန်မာနယ်စပ်၊ ရနောင်းခရိုင်နဲ့ ချွမ်ဖွန်ခရိုင်မှာ မြန်မာဘက်ကနေ ထိုင်းနိုင်ငံတွင်းကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာ ၁၁ ဦးကို စစ်ဆေးရေးဂိတ်တွေမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိတယ်လို့ ရနောင်းအခြေစိုက် အမှတ် ၂၅ ခြေမြန်တပ်ရင်း အထူးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဇွန် ၁၉ ရက် နေ့လယ် ၁ နာရီမှာ ရနောင်းခရိုင် စီလာ့စ်လာခ်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ တာဝန်အရ ကားတွေကို စစ်ဆေးစဥ် လိုင်းကားအသေးပေါ်မှာ လိုက်ပါလာတဲ့ မြန်မာအမျိုးသား ၁ ဦး၊ အမျိုးသမီး ၅ ဦး၊ ပွဲစား အမျိုးသမီး ၁ ဦးတို့ကို မသင်္ကာဖွယ် တွေ့ရှိတဲ့အတွက် စစ်ဆေးရာကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်လာကြောင်း တွေ့ရှိခဲ့ရတာပါ။

ဇွန် ၁၉ ရက်မှာပဲ ရနောင်းခရိုင်နဲ့ကပ်လျက် ချွမ်ဖွန်ခရိုင်၊ ဖသိုမြို့နယ်၊ ပါ့ခ်ရှိတ်ကျေးရွာအုပ်စု ၅ က အဖွဲ့စုံ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ကားတစီးပေါ်က မြန်မာအမျိုးသား ၄ ဦးကို တရားမဝင် နယ်စပ်ဖြတ်ကျော်လာကြောင်း တွေ့ရှိရတဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးရမိသူတွေကို စစ်ဆေးရာ ရနောင်းခရိုင်မှာ မိသူတွေက အတူဖမ်းဆီးခံရ​တ့ဲ အမျိုးသမီးပွဲစားဖြစ်သူကနေတဆင့် လာရောက်တာဖြစ်ပြီး ဆူရတ်ဌာနီခရိုင်မှာရှိတဲ့ အမျိုးတွေဆီကို အလုပ်လုပ်ကိုင်ဖို့ လာရောက်တာလို့ ထွက်ဆိုခဲ့ကြပြီး ချွမ်ဖွန်ခရိုင်မှာ ဖမ်းဆီးရမိသူတွေက ကော့သောင်းမြို့က ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်နဲ့ ဝင်ရောက်လာတာဖြစ်ပြီး နောက်ထပ်တနေရာကို ကူးပြောင်းစဥ်မှာ ဖမ်းဆီးခံရတာလို့ ဖော်ပြထားပါတယ်။

နှစ်ဖွဲ့စလုံးက ပွဲစားက ဘယ်ရွေ့ဘယ်မျှပေးရတယ် ဆိုတာကိုတော့ ဖော်ပြထားထားခြင်း မရှိပါဘူး။

အဆိုပါ ဖမ်းဆီးရမိသူတွေကို ထိုင်းနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူနိုင်ဖို့ သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့တွေဆီကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ​တော့ မြန်မာပြည်တွင်းမှာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေ၊ ပြည်တွင်းကုန်စျေးနှုန်း မငြိမ်သက်မှုတွေနဲ့ ပတ်စ်ပို့စျေးနှုန်း မြင့်မားမှုတွေကြောင့် မြန်မာလူငယ်တွေက နီးစပ်ရာ အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင် လမ်းကြောင်းတွေကနေ ဝင်ရောက်နေတာဖြစ်ပြီး မကြာခဏဆိုသလို ဖမ်းဆီးခံနေရတာဖြစ်ကာ ပြီးခဲ့တဲ့ မေ ၉ ရက် ညပိုင်းကလည်း ရနောင်းမြို့မှာပဲ တရားမဝင် မြန်မာ ၁၄ ဦးကို အမှတ် ၂၅ ခြေမြန်တပ်ရင်း အထူးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါသေးတယ်။

source - အမှတ် ၂၅ ခြေမြန်တပ်ရင်းအထူးတပ်ဖွဲ့

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024